အမေး  : ဂျပန်ပြည်ကို တစ်ကိုယ်တည်း လာရလို့ပျင်းနေပါသလား။

အဖြေ  : ပျင်းတော့ပျင်းတာပေါ့ ဒါပေမဲ့ မပျင်းဘူး လို့ပြောရမလိုလို …

ပျင်းတယ်ဆိုတာက ကျွန်မအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာက မြန်မာလူမျိုးဆိုလို့ ပြေးကြည့်လို့လည်း တွေးကြည့်လည်း ကျွန်မတစ်ယောက်တည်း…( တစ်ကိုယ်တော်ရှိုးပေါ့နော်)^^

ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုပြီး ဂျပန်ပြည်လာခဲ့တဲ့သူတစ်ယောက်

အဆင်ပြေပါ့မလား

အဆင်ပြေပါ့မလား

အဆင်ပြေပါ့မလား မေးခွန်းအထပ်ထပ်…

 

သိပ်တော့ စိတ်ပူစရာ မကြုံခဲ့ရပါဘူး။ အလုပ်မှာ ပျော်ရွှင်နေဖို့က  အဓိကပါ။

မပျင်းဘူးဆိုတာကတော့ အလုပ်မှာ စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေ ရှိလို့ပါ။

အလုပ်အဆင်ပြေပြေလုပ်နိုင်အောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူထားတယ်လေ။

ဘယ်လိုရင်းနှီးမှုယူမလဲ။

(၁)ထမင်းစားဖိတ်လိုက်ပါ

ဂျပန်လူမျိုးတွေဟာ လုပ်ငန်းခွင်ထဲမှာတော့ အလုပ်ကိုပဲဦးစားပေးလေ့ရှိပြီး၊ စကားထွေထွေထူးထူး သိပ်မပြောတတ်ပါဘူး။

ဒါပေမယ့် အတူတူ စားသောက်ပွဲသွားတဲ့အခါ အလာပသလာပ အမျိုးမျိုးပြောတတ်ကြပါတယ်။

ဒီလိုမျိုး စုဝေးညစာစားကြတာကိုတော့ ဂျပန် 飲み会nomikai လို့ခေါ်ပါတယ်။ စားကြသောက်ကြတာပေါ့။ nomikai သွားရင် စကားအမျိုးမျိုး ရှေးဟောင်းနှောင်းဖြစ်အစုံပေါ့။ ရင်းနှီးမှုပိုစေပါတယ်။

ကျွန်မအလုပ်မှ လုပ်ဖော်ကိုင်ဖက်တွေနှင့်  ညစာ သွားစားကြတဲ့အကြောင်းကို ပြောပါဦးမယ်။

အခု ဌာနအတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ပိုမိုရင်းနှီးလာအောင် ထူးခြားတဲ့ အစီအစဉ်လေးတွေ လုပ်ပါတယ်။ မိမိတာဝန်ကျတဲ့ ဌာနသာမက ပုံမှန်ထိတွေ့မှုမရှိတဲ့ ဌာနနဲ့ ပိုမို ရင်းနှီးအောင် နိုင်ငံတကာအစားအစာ သွားစားကြမယ့် `Global Food’ အစီအစဉ်

ကျွန်မတို့အဖွဲ့ကတော့ `Global Food’ အစီအစဉ် ဖြစ်တဲ့အတွက် မစားဘူးတဲ့အစားအစာ စားကြမယ်။ စားပြီး ဘယ်လိုခံစားရတယ် စသဖြင့်

အခုအချိန်ထိ သွားစားကြတဲ့ အစားအစာကတော့

ပထမအကြိမ်  မြန်မာ အစားအစာ @ တကဒနိုဘဘ

ဒုတိယအကြိမ် တူနီးရှား အစားအစာ @ ရှင်းအိုးခုဘို

တတိယအကြိမ် ဘူဂေးရီးယား အစားအစာ @ တိုကျိုဘူတာ

အဖွဲ့ကတော့ ကျွန်မအပါအဝင် Marketing  Communication အဖွဲ့ ၊ Nail အဖွဲ့ ၊ System အဖွဲ့ မှ စုပေါင်းကာ သွားကြတာဖြစ်ပါတယ်။ ဌာနအမျိုးမျိုး

သွားစားရင် အရင်မေးရတာက

(၁) ငရုပ်သီးအစပ်စားနိုင်ရဲ့လား

(၂)ငံပြာရည်အနံ့၊ မကြိုက်တဲ့ဟင်း

(၃) မစားတဲ့အစားအသောက်

(၄) မတည့်တဲ့အစားအသောက် ရှိမရှိ

စကားမစပ် လူစုဖို့ အချိန်ရွေးတာကတော့ အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုကိုသုံးပြီး အချိန်ညှိကြပါတယ်။

အင်တာနက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံအနေနှင့်မထူးဆန်းဘူးပြောရမှာပဲ။ လင့်ခ်လေးကို မန်ဘာတွေဆီ ပို့ပေးတာနဲ့ အဆင်ပြေတဲ့အချိန်ကို ရွေးပေးလို့ရပါတယ်။

အဲ့ဝက်ဘ်ဆိုက်ကတော့chouseisan

မိတ်ဆွေတို့လည်း သုံးကြည့်ကြည့်နော်။

စောစောက အစီအစဉ် အကြောင်း ပြန်စရရင် နိုင်ငံတကာ အစားအစာအနေနဲ့ ပထမဆုံးသွားစားတာကတော့ မြန်မာအစားအစာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီရုံးစိုက်တဲ့ ရှင်းဂျုခုဘူတာအနီးတဝိုက်မှာတော့ ထိုင်း အိန္ဒိယ တရုတ် တူရကီ စသဖြင့် အမျိုးမျိုးစားနိုင်ပေမဲ့ မြန်မာအစားအစာတော့ မရှိပါဘူး။ မြန်မာစားသောက်ဆိုင်ကတော့ တကဒနိုဘဘဘူတာဘက်မှာပဲ ရှိပါတယ်။ရှင်းဂျုခုကနေ ရထားနဲ့ ၅မိနစ်စာပဲ ကြာပေမဲ့ စီနီယာတွေနဲ့အလုပ်ဆင်းချိန်မတူတဲ့အတွက် လူစုဖို့လွယ်ကူတဲ့ သောကြာနေ့အလုပ်ဆင်းချိန်မှာ အားလုံးညှိပြီးသွားကြပါတယ်။

ပုံမှန် သောကြာနေ့ညတိုင်းက nomikai ရှိတတ် လို့ စားသောက်ဆိုင်တွေမှာ လူအပြည့်ပါပဲ။ ကြိုတင်ဘိုကင် က အရေးကြီးဆုံးပါပဲ။

တကဒနိုဘဘ မှာ မြန်မာအစားအစာဆိုင်ဆိုလျှင် ဆွေမြန်မာ ၊နောင်အင်းလေး စသဖြင့် ရှိပါတယ်။

သွားစားဖြစ်တာကတော့

ဆိုင်နာမည်ကတော့ ဆွေမြန်မာ မြန်မာအစားအစာ

tabelog ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှာ ရှာပြီး ဘိုကင်ချိတ်နိုင်ပါတယ်။

အတူတူသွားစားတဲ့ အထဲမှာ ၄ယောက်က မြန်မာအစားအစာ  ပထမဦးဆုံးဖြစ်လို့၊ ချိုချဉ်စပ်အစုံမှာထားလိုက်ပါတယ်။

ဟင်းခါး တိုဖူးကြော်အကြော်စုံ ကြက်ချဉ်စပ်ကြော် ကြက်သားဒံပေါက် လက်ဖက်သုပ် ဖျော်ရည်မျိုးစုံ

လက်ဖက်သုပ်ကိုတော့ အံ့သြနေကြပါတယ်။ဂျပန်မှာက လက်ဖက် ရွက်မစားကြလို့ပါ။

တစ်ခုဂရုစိုက်ရတာတော့ ငရုပ်သီးအစပ်မစားနိုင်တဲ့ သူတွေပါ။

အကြော်နှင့် ဆောစ့်အချိုမှာတာတို့ ဟင်းအမယ် ပါဝင်ပစ္စည်း ရှင်းပြတာတို့နဲ့ စိတ်လှုပ်ရှားစရာပါပဲ။

စကားအများကြီးပြောဖြစ်ပါတယ်။

^^ミャンマー料理

ကုန်ကျငွေကတော့ အားလုံးမျှရှင်းတဲ့အတွက်ငွေသိပ်မကုန်ဘဲ ၊ လုပ်ဖော်ကိုင်ဖက်စီနီယာတွေနဲ့လည်း ရင်းနှီးမှု ပိုရပါတယ်။

ဒီလိုညစာစားပွဲကနေ ရနိုင်တာကတော့ ပုံမှန်စကားမပြောဖြစ်တဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အကြောင်းကို သိရှိရခြင်း၊အလုပ်လုပ်တဲ့အခါ ပိုမိုလွယ်ကူလာခြင်း၊ စကားပြောရဲလာခြင်း စသဖြင့် လူမူဆိုင်ရာစွမ်းရည်တွေ တိုးတက်လာပါတယ်။

ဒုတိယအကြိမ်ကတော့ အာဖရိက အစားအစာ တူနီးရှားဟင်းလျာပါ။

Course အလိုက် မှာပြီး၊ စားကောင်းမကောင်း ပြောဆိုကြတာလည်း ပျော်စရာပါပဲ။ ဒီအစီအစဉ်မှာက နိုင်ငံခြားသား၃ယောက်ပါဝင်တဲ့အတွက် ကိုယ့်နိုင်ငံကဟင်းလျာအရသာနဲ့ တူညီပုံ၊ကွာခြားပုံ တို့ကို မျှဝေနိုင်ပါတယ်။

(၂) ခရီးအတူတူ သွားပေးပါ

နောက်ထပ် လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆောင်ရွက်ဖြစ်တာကတော့ ခရီးသွားတာပါ။ အနီးနားလျှောက်လည်တာပေါ့နော်။ အချင်းချင်း ရင်းနှီးစေတဲ့ နည်းလမ်းပေါ့နော်။ အချိန်တော့ပေးရမှာပေါ့။ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်ရင်း လူမူဆက်ဆံရေးလည်းအဆင်ပြေအောင်ပါ။ ဘုရားလည်းဖူး လိပ်ဥလည်းတူးပေါ့။

ပထမဆုံး သွားတာကတော့ ကမကူရဘုရားပါ။ တိုကျိုကနေ ၁နာရီလောက် ရထားစီးသွားရပါတယ်။ မြန်မာလူမျိုးတွေ ဂျပန်ရောက်ရင် သွားရောက်ဖူးမျှော်လေ့ရှိတဲ့ဘုရားဖြစ်ပါတယ်။

အချိန်က ၆လပိုင်း ။ ဒီအချိန်က ဂျပန်မှာက နွေဦးအကုန် မိုးအကူး လောက်ပေါ့။

နွေဦးနှင့် နွေအကူးမှာက ပန်းရာသီ လို့ခေါ်နိုင်ပြီး ၊ဟိုဟိုဒီဒီ အလှပန်းခင်းများနှင့် ခရီးသွားတွေကို ဆွဲဆောင်တဲ့ရာသီ။အဲ့အချိန်မှာ အဂျိဆိုင်းပန်းခင်းသွားကြည့်ဖြစ်ပါတယ်။

ဂျပန်မှာ နာမည်အကြီးဆုံးပန်းရာသီက ၄လပိုင်းရဲ့ ချယ်ရီပွင့်ချိန် ဖြစ်ပေမယ့်၊ ၅လပိုင်း ၆လပိုင်းမှာလည်း ရာသီပန်းမျိုးစုံပွင့်ဖူးပါတယ်။

ဂျပန်ရဲ့ ပန်းအလှကို ခံစားပြီး စကားများများပြောနိုင်တဲ့ အခွင့်အရေးပေါ့။

アジサイ by momoineko_nuch

မြန်မာမှာတော့ မတွေ့ဖူးပေမဲ့ အစုလိုက်ပွင့်တဲ့ ပန်းပုံစံကတော့ ပုဏ္ဏရိပ်ပန်းလိုလို

 

ကမကုရဒေသဘက်ကတော့ အမောအပန်းပြေစေဖို့ အမှတ်တရအနေနှင့် လာရောက်ကြတာများပါတယ်။

အဂျိဆိုင်း ဆိုတဲ့ ခြောက်လပန်းပင် hydrangea ကတော့ မေလကုန်ပိုင်းကနေ ဇွန်လအတွင်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကမကုရမြို့တွင်းမှ အဂျိဆိုင်းပန်းပွဲတော်ကတော့ နာမည်ကြီးနေရာထဲက တစ်ခုပေါ့။

ဘုရားဝန်းအတွင်း စီတန်းလှပစွာ ပွင့်ဖူးနေတဲ့ ပန်းလေးတွေကတော့ အလှဓါတ်ပုံရိုက်သူတွေ ဓါတ်ပုံဝါသနာပါသူ ပညာရှင်တွေနဲ့ အပြည့်ပါပဲ။

ဒီတစ်ခေါက်သွားတာကတော့ kitakamakura မှာရှိတဲ့ ဘုရားဝန်းအတွင်းမှာပါ။ အရောင်အသွေးစုံလင်တဲ့ အဂျိဆိုင်း တွေ့ရပါတယ်။

ဒီလို ပန်းပွင့်ရာသီဖြစ်တဲ့ နွေဦးကနေ နွေရာသီအထိ ပွဲတော်အမျိုးမျိုး ကျင်းပပါတယ်။

ဂျပန်နိုင်ငံက အပန်းဖြေစီးပွားရေးဆိုလည်းမမှားပါဘူး။

ကွင်းပြင်ကျယ်ထဲမှာ ပန်းခင်းအပြည့်စိုက်ထားပြီး ဈေးဆိုင်ခန်းလေးတွေနဲ့ ဘုရားပွဲလို စားစရာ သောက်စရာ ရောင်းလေ့ ရှိပါတယ်။ ပွဲတိုင်းမှာ ရောင်းချတဲ့စားစရာက တူညီပြီး၊များသောအားဖြင့် ခေါက်ဆွဲကြော် အိုကိုနိုမိယခိ ရေခဲခြစ် ဖျော်ရည် သစ်သီးချိုချဉ် ဖြစ်ပါတယ်။ ဒီလိုပွဲတော်တိုင်း  ပျော်ပွဲရွှင်ပွဲအဖြစ် အုပ်စုလိုက်ပါဝင်ကြတာက ဂျပန်ဓလေ့ပါပဲ။

 

အပန်းဖြေနေရာ အထိ ရထား ဘက်စ်ကားအများကြီး စီစဉ်ထားပေးပြီး ပွဲတော်ရက်ကတော့ လူကြပ်ပါတယ်။

ပွဲတော်ရက်သိပ်မရှိပေမဲ့ အပန်းဖြေသူတွေကိုဆွဲဆောင်နိုင်တဲ့ နေရာတွေ ဝန်ဆောင်မှုတွေ အပြည့်အနှက် တွေ့ရမှာပါ။

လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနှင့်အတူ သွားရောက်အပန်းဖြေပြီး စကားစမြည်ပြောရတာကလည်း ပိုမိုခင်မင်ရင်းနှီးစေပါတယ်။

နောက် အုပ်စုဖွဲ့ပြီးသွားဖြစ်တာကတော့ မီးပန်းပွဲတော်ပါ။ ဂျပန်မှာက နွေရာသီရောက်ပြီဆိုရင် နေရာအနှံ့ မီးပန်းပွဲတော်ရှိတတ်ပါတယ်။ ပင်လယ်ကမ်းခြေဘက်မှာတော့ ပိုပြီး များလှပြီး ကြီးငယ်မရွေး လာရောက်ကြည့်ရှုကြလို့ စုဝေးသွားရတာလည်း ပျော်စရာတစ်မျိုးပါပဲ။

သွားကြည့်ခဲ့တဲ့နေရာကတော့ စုမိဒဂဝ မီးပန်းပွဲတော်

တိုကျိုမြို့တွင်းမှာတော့ အကြီးဆုံးမီးပန်းပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။မီးပန်း ၂သောင်းခွဲ ဖောက်ပါတယ်။

မီးပန်းပွဲက ညနေ၇နာရီခွဲ စတင်မှာဆိုပေမဲ့ ညနေ ၃နာရီလောက်ကတည်းက နေရာယူမှသာ နေရာရပါတယ်။

花火 by momoineko_nuch

လာရောက်ကြည့်ရှုသူ ဂျပန်ယုခတ ဝတ်စုံနှင့်အတူ ပျော်ရွှင်စွာ စောင့်မျှော်ကြတာကို တွေ့ရပါတယ်။

ကျားမမရွေး စောင့်စားကြည့်ရှုကြတဲ့

ပွဲတော်ရက်တွေမှာ မြေပေါ်မြေအောက် ရထားများပြည့်ကြပ်ပြီး၊ မသွားရ ကန့်သတ်ထားတဲ့ လမ်းတွေလည်း မနည်းပါဘူး။ လမ်းညွှန်ချက်အတိုင်း လျှေက်ရပြီး တစ်ခါတလေ နီးလျှက်နှင့်ဝေးဆိုသလို ကွေ့ပတ်သွားရပြီး တန်းစီခိုင်းတာတွေ ရှိပါတယ်။ ကွေ့ပတ်သွားရပေမဲ့ အတင်းတိုးဝှေ့သွားတာမဟုတ်တဲ့အတွက် စိတ်သက်သာရာရတယ်ပြောရမှာပါ။ တစ်ခုပါပဲ ပိတ်ထားတဲ့ လမ်းတွေများတဲ့အတွက် ကိုယ့်စိတ်တိုင်းကျနေရာမှာ မကြည့်ရတာလည်း ရှိလို့ မသွားခင်ကတည်းက  နေရာသေချာစီစဉ်တာ အကောင်းဆုံးပါပဲ။

တကယ်သွားကြည့်တော့ နေရာဦးထားတဲ့နေရာက ကုန်းကျော်တံတားနှင့်ကွယ်နေပြီး ဘာမှမမြင်ရလို့ လမ်းမပေါ်မှာပဲ ထွက်ကြည့်လိုက်ပါတော့တယ်။

ပျော်စရာအချိန်လေးပါ။ ပုံမှန်စကားအများကြီးမပြောဖြစ်ပေမဲ့ အတူတူစား ခရီးသွားပြီး အတိုင်းအတာတစ်ခုထိ ရင်းနှီးမှုရပါတယ်။

မိတ်ဆွေတို့လည်း ဂျပန်မှာ တစ်ယောက်တည်းမို့ဆိုပြီး စိတ်မညစ်ပါနဲ့။ ကိုယ်ထင်ကုတင်ရွှေနန်းဆိုသလိုပေါ့။  (ဆိုင်တော့မဆိုင်ပေမဲ့ ^^)

ဘဝကို ပျော်ရွှင်စွာဖြတ်သန်းရင်း အလုပ်လုပ်နိုင်ပါစေ။

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗