【Unicode】 ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဂျပန်မှာ စွန့်စွန့်စားစား အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာတိုင်းရင်းသူ၊တိုင်းရင်းသားများ၏ ရှင်သန်ခြင်း အနုပညာ

■EM 

ယခုအင်တာဗျူးမှာတော့ စစ်ကိုင်းတိုင်း ရေဦးသူလေး ဖြစ်တဲ့ မဖြိုးသီရိကျော် အား တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။အင်တာဗျူးကို အပိုင်း(၂)ပိုင်းခွဲပြီးတင်ဆက်ပေးပါမယ်ရှင့်

အပိုင်း(၁) ဂျပန်မှာ ကျောင်းတက်နေစဉ်

 ဂျပန်မှာ ဘာသာစကားကျောင်း၊သက်မွေးဝမ်းကျောင်း၊တက္ကသိုလ်အထိ ၃ဆင့်တက်ပြီးနောက် ၂၀၁၇မှာ စအလုပ်ဝင် လုပ်ကိုင်လျှက်ရှိပါတယ်။

 ကျောင်းအတွေ့အကြုံအပြင်၊ အလုပ်ရှာဖွေရေးပိုင်းကိုလည်း သေချာဖြေကြားပေးထားပါတယ်။

 သူမရဲ့ ဂျပန်မှာ ရှင်သန်တဲ့ဘဝလေးက ဘယ်လိုဖြစ်မလဲ

 ဘာအဓိပ္ပာယ်တွေ ရှိမလဲ ဆိုတာကို ရေးသားတင်ဆက်လိုက်ပါတယ်။

 ဂျပန်မှာ သင်ယူခဲ့တဲ့ ပညာတွေကို အမိမြန်မာမှာ ပြန်လည်အသုံးချသွားချင်တယ်ဆိုတဲ့ မဖြိုးရဲ့ အတွေ့အကြုံလေးက ….

🔹🔹** *🔹🔹

တိုးတက်လာတာက အများကြီးပါ။လူမှုဆက်ဆံရေးမှ ယုံကြည်မှုအထိ

WF :လက်ရှိအလုပ်အကိုင်လေးနှင့် ဂျပန်မှာနေစဉ် အတောအတွင်း ဘာတွေ တိုးတက်လာ ပါသလဲ။

ဖြိုး : 大規模(だいきぼ)修繕(しゅうぜん)工事(こうじ) – Renovation ≪large-scale repair အကြီးစားပြုပြင်ထိန်းသိမ်းပြင်ဆင်ရေးလုပ်ငန်း (အဆောက်အဦး)≫

営業(えいぎょう)企画(きかく)  Sales Planning  မားကတ်တင်းအစီအစဉ်ရေးဆွဲမှုအပိုင်း

ဖြစ်ပါတယ်။

ဂျပန်မှာ၆နှစ် နေထိုင်ပြီး တိုးတက်လာတာကတော့

၁ လူမူဆက်ဆံရေးပိုင်း သိလာတယ်။

၂ တာဝန်ယူစိတ် လုပ်ငန်းပိုင်းမှာ ပိုမို တိကျလာတယ်။

၃ ယုံကြည်မှု ရှိလာပါတယ်။

🔹🔹** *🔹🔹

စစချင်းဂျပန်ကို လာရောက်ခဲ့တာက ပညာသင်ဖို့ အဓိကပါ။

WF : ဂျပန်ကို လာဖြစ်ပုံလေးနှင့် ကြုံတွေ့ရတဲ့အခက်အခဲလေးတွေကို ပြောပြပေးပါ။

ဖြိုး : ဂျပန်ကိုတော့ အလယ်တန်းအရွယ်ကတည်းက စိတ်ဝင်စားပြီး၊ ဆွေမျိုးတွေလည်း ဂျပန်မှာ နေနေတော့ အားကျမိတာပေါ့။

ဒါပေမယ့် ငယ်သေးတော့ အသက်၂၀လောက်မှ ဂျပန်သွားပါလို့ အိမ်ကလည်း တိုက်တွန်းပါတယ်။ အဲဒါနဲ့

၁၀တန်းဖြေပြီး၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်မေဂျာတက်လိုက်ပါတယ်။ ဂျပန်မသွားခင် ကိုယ့်ဘက်က ဂျပန်စကားရအောင် ကြိုတင်ပြင်ဆင်တာပေါ့နော်။

တကယ်တမ်း MUFLကျောင်းပြီးခါနီး သွားမယ်ပြင်တော့ ကိုယ်တိုင်လည်း ရှေ့ဆက်မလုပ်ရဲ၊ကြောက်မိတယ်။အိမ်ကတော့ အားပေးတယ်။ တစ်ဦးတည်းသောသမီးဆိုတော့ ဒီထက်ပိုပြီး ပညာသင်၊ ကိုယ်တိုင် ရပ်တည်နိုင်တဲ့အခြေအနေဖြစ်စေချင်တဲ့အတွက် ဂျပန်သွားဖို့ ခွင့်ပြုပေးပါတယ်။။

မြန်မာမှာလည်း ရပ်တည်နိုင်အောင် နေနိုင်ပေမယ့် မိဘရှိနေတော့ မိသားစုကိုပဲ အားကိုးနေမိတယ်။ မရင့်ကျက်ဘူးပေါ့နော်။

ငယ်ရွယ်တုန်းမှာ အမျိုးမျိုးတွေ့ကြုံ ရင်ဆိုင်မှသာ ကိုယ်တစ်ကယ် ရှေ့ဆက်တဲ့အခါ အဆင်ပြေမှာဆိုပြီး အရဲ့စွန့်လာခဲ့တာပါ။

 နောက်ဆုံးနှစ်ဖြေပြီးတာနှင့် စာရွက်စာတမ်းတွေပြင်ဆင်တယ်။ ကျောင်းက ဘွဲ့လက်မှတ်မရသေးတော့ ကျောင်းကိုလည်း အမျိုးမျိုး တင်ပြပြီး တောင်းဆိုရတယ်။ သံရုံးမှာလည်း စာရွက်စာတမ်းလိုလို့ ၁ခေါက်တည်းနှင့်မပြီးခဲ့ဘူးပေါ့နော်။ အခက်အခဲ မျိုးစုံပါပဲ။

စိတ်ပူခဲ့ရတဲ့ အကြောင်းဆိုရင်တော့ ဂျပန်ရောက်ပြီးနောက်ပိုင်း ခံနိုင်ရည်ရှိပါ့မလားဆိုပြီးတော့ပါ။

ကျောင်းစရိတ်၊နေထိုင်စရိတ်၊ စားစရိတ် ကို အဆင်ပြေဖို့ အချိန်ပိုင်းအလုပ်လုပ်ရမှာဆိုတော့ စိတ်ပူမိတယ်။ ကိုယ်ကလည်း ငယ်သေးတယ်၊ လူမူဆက်ဆံရေးကလည်း လူကြောက်တတ်တော့ အဆင်ပြေပါ့မလား။

ကျောင်းနှင့် အချိန်ပိုင်းအလုပ် အချိန်ခွဲတမ်း အဆင်ပြေပါ့မလား။ကိုယ်တိုင်က နိုင်ငံခြားလည်း ပထမဆုံးထွက်တာဆိုတော့ ဘာဆိုဘာမှ မသိဘူး။ ခံနိုင်ရည်ပိုင်း အမျိုးမျိုးပေါ့နော်။

🔹🔹** *🔹🔹

ဂျပန်ရောက်လာတဲ့အခါ သိလာရတာက ကြောက်စိတ်၊စိုးရိမ်ကိုပယ်ပြီး လုပ်သင့်တာကို ဦးစားပေးလုပ်ရမယ်ဆိုတာပါပဲ။

WF : ဂျပန်ကို ကျောင်းတက်ဖို့ ရောက်လာခဲ့တာနော်။ရောက်လာတဲ့အခါ ဘယ်လို ခံစားခဲ့ရလဲ၊ဘာတွေ ကြုံတွေ့ခဲ့ရလဲ။

ဖြိုး : ၂၀၁၂မှာ ဂျပန်စရောက်ပါတယ်။

တကယ်တမ်းရောက်လာတဲ့အခါ အိမ်ကိုလွမ်းတယ်။အိမ်မှာဆိုရင် ကိုယ့်ကို ကူညီမယ့်သူတွေ အများကြီးရှိတယ်။ ဂျပန်ရောက်တော့ ဘယ်နေရာဘာရှိမှန်းမသိဘူ။ ကိုယ့်ကိုယ်ကို အားကိုးရတယ်။

စိတ်ကို ပျော်အောင်နေတယ်။ အိမ်နှင့် အမြဲဆက်သွယ်တယ်။

အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။

စားသောက်ပိုင်းဆိုလည်း ဟင်းသိပ်မချက်တတ်တော့ ချက်နည်းတွေပါ အိမ်ကို ပြန်အားကိုးရပါတယ်။ ^^

ဂျပန်စရောက်တုန်းကဆို ပထမဦးဆုံး ကမကုရဘုရားဖူးသွားတယ်။

ဘုရားအထိ ရထားအဆင့်ဆင့်စီးရတယ်။ ရထားတွေ မှားစီးတယ်။ ဘုရားရောက်တဲ့အထိကို ပုံမှန်ထက် အချိန်တော်တော်ပေးလိုက်ရတယ်။

ဒါပေမယ့် ဒီအခက်အခဲလေးတွေ ကျော်လွှားနိုင်တဲ့အခါ  ကိုယ်လုပ်နိုင်လိုက်တယ်ဆိုပြီး ကျေနပ်မိတာတော့ တကယ်ပါ။

ကိုယ့်ကိုယ်ကို အားကိုးပြီးလုပ်တာက ပိုပြီး ကိုယ့်အတွက် အားဖြစ်စေတယ်လို့ ခံစားမိပါတယ်။

ကျောင်းတက်တော့လည်း အတူတူပဲ။ ကိုယ်လုပ်သင့်တာကို ဦးစားပေးတယ်။ ကျောင်းတက်တာကလည်း အချိန်ပေးရတော့ ဘယ်လောက်ဆို ကျောင်းပြီးမလဲ။ပြီးရင် ဘာတွေဆက်တက်ရမလဲ စုံစမ်းပါတယ်။

စစချင်း ဂျပန်စာကျောင်း ၁နှစ်ပဲတက်လိုက်တယ်။နောက်ထပ်အတတ်ပညာပိုင်း ရအောင် နောက်ထပ်ကျောင်းရှာတယ်။ ရောက်ပြီး သိပ်မကြာခင်မှာ ကျောင်းရှာသလို ဖြစ်နေတော့ နားမလည်တာတွေ၊ စိတ်ပူပန်တာတွေ အများကြီး ရှိခဲ့ပါတယ်။

တက္ကသိုလ်၊ကောလိပ်၊သက်မွေးဝမ်းကျောင်း အမျိုးမျိုး အရွေးမှားသွားမှာလည်း စိုးတယ် ။

တက္ကသိုလ်တက်ဖို့ကတော့ ဝင်ခွင့်၊တခြားလက်မှတ်တွေလိုပြီး၊ မြင့်တယ်။

ကိုယ်က ဂျပန်စာနှင့် ပြီးထားတယ်ဆိုပေမယ့်

တက္ကသိုလ် တိုက်ရိုက်တက်ဖို့ ဖြစ်ပါ့မလားလို့ တွေးပြီး အရင်ဆုံး သက်မွေးဝမ်းကျောင်းတွေ ရှာပါတယ်။

၄/၅/၆ကျောင်း လှည့်ပတ်သွားပြီးမှ Tokyo International Business College ကိုရွေးချယ်လိုက်ပါတယ်။

ကျောင်းကနေ စီးပွားရေးပညာအပြင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုင်း၊စိတ်ဓါတ်ပိုင်းဆိုင်ရာ၊မန်နာကအစ အကုန်သင်ပေးပါတယ်။ကျောင်းပြီးပြီးနောက်ပိုင်း အလုပ်လုပ်မှာလား၊ ကျောင်းဆက်တက်မှာလားကို ပထမနှစ်ကတည်းက ခွဲပြီး လေ့ကျင့်ပေးတော့ အဆင်ပြေပါတယ်။ ကျောင်းဆက်တက်မယ့်အပိုင်းကို ရွေးတက်ဖြစ်ပါတယ်။

သက်မွေးဝမ်းကျောင်းကောလိပ် ၂နှစ်ပြီးနောက် တက္ကသိုလ်ဆက်တက်ဖို့ ရွေးပါတယ်။

中央学院大学 Chuo gakuin University

၄နှစ်အပြည့်တက် (ပထမနှစ်က စဝင်)၊ ဒုတိယနှစ်က စဝင်၊ တတိယနှစ်က စဝင်တာရယ်လို့ ရွေးလို့ရပါတယ်။ သတ်မှတ်အရည်အချင်းစာမေးပွဲ ယူနစ်ပြည့်ရင်ပြည့်သလို အတန်းကျော်ဝင်နိုင်ပါတယ်။

နှစ်ပြည့်တက်ရင် ၄နှစ်ဆိုတော့ ကိုယ့်အသက်လည်း ရှိတော့ 単位(たんい) စာမေးပွဲဖြေပြီး ၊တတိယနှစ်ကနေ တက္ကသိုလ်ဝင်လိုက်ပါတယ်။

商学部(しょうがくぶ)Commerce အပိုင်းတက်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ပြီး အခက်အခဲကတော့

နားမလည်တဲ့အပိုင်း၊ဘာသာရပ်ရွေးရာမှာ ဘယ်လိုရွေးရမယ်။

ကိုယ်က တတိယနှစ်ကစတတ်တော့ သူငယ်ချင်းမရှိတာ (ဂျပန်တွေ ပိုများတဲ့ကျောင်းလည်းဖြစ်တယ်။သူတို့က ပထမနှစ်ကတည်းက ရင်းနှီးပြီးသား)

အဲတာကို စိတ်ညစ်မနေဘဲ ဆရာတွေကို အဓိကတိုင်ပင်ဆွေးနွေးတယ်။ ပွင့်ပွင့်လင်းလင်း နားမလည်တာ သွားပြောတယ်။

ဆရာတွေကလည်း လိုအပ်တာတွေကို ပြောပြတယ်။​သူငယ်ချင်းတွေ မိတ်ဆက်ပေး ၊ သိပ်မကြာဘူး သူငယ်ချင်းတွေ ရလာတယ်။

ကိုယ့်ရဲ့ ကြောက်စိတ်၊စိုးရိမ်စိတ်နှင့်သာ မမေးဘဲနေရင် တက္ကသိုလ်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။

🔹🔹** *🔹🔹

ခိုင်းတာလုပ်တာထက် ကိုယ်တိုင်စဉ်းစား၊အိုင်ဒီယာထုတ်ပြီး လုပ်သင့်တယ်ဆိုတာ သိလာတယ်

WF : ကျောင်းတက်နေရင်း အချိန်ပိုင်းအလုပ်လုပ်တဲ့ အတွေ့အကြုံလေးကိုလည်း ပြောပြပေးပါ။

ဖြိုး : ဂျပန်စရောက်ကတည်းက၂နှစ်လောက် ဆိုင်မှာ စားပွဲထိုးလုပ်တယ်။

ဂျပန်စာကတော့ ရတယ်။ပြောတာဆိုတာ နားလည်ပါတယ်။ဒါပေမယ့် ကိုယ်တိုင် ဘာမှ မလုပ်တက်ဘူးဆိုတာ သိလာပါတယ်။ ကိုယ်က စာရတာလေးပဲရှိ။ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူး။ ပြောမယ်ဆို ဒါတွေလုပ်လို့ ပြောရင် ရတယ်။ အကုန်လုပ်နိုင်ပါတယ်။

ဒါပေမယ့် စားပွဲထိုးရာမှာလည်း ဧည့်သည်ဝန်ဆောင်မှုပဲဆိုတော့ ဧည့်သည်အလိုက် ဘယ်လိုလုပ်သင့်တယ်။ဘာတွေ ဘယ်လိုနေရမယ်။ ဝန်ဆောင်မှု ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုယ်တိုင်စဉ်းစားနိုင်တဲ့အခြေအနေမရှိခဲ့ဘူး။

အလုပ်ကနေတော့ အကုန်သင်ပေးပါတယ်။

မန်နေဂျာ ကတောင် ပြောဖူးတယ်။ “ ဖြိုးက ဒါလေးလုပ်လို့ပြောလိုက်ရင် အဲ့တာပဲလုပ်ပြီး ရပ်သွားတယ်။ဘာဆက်လုပ်ရမလဲ မတွေးဘူး”တဲ့

ဒါနဲ့ပဲ အချိန်ပိုနေရင် အလကားမနေဘူး၊ လိုက်ကြည့်တယ်။ လာတဲ့ ဧည့်သည်အလိုက် လူအကဲခတ်တယ်။ နည်းနည်း လူအကဲခတ်လာနိုင်ခဲ့ပါတယ်။

ဒုတိယက စတိုးဆိုင်မှာ လုပ်ဖြစ်ပါတယ်။

အဲဒီမှာဆို ဂျပန်ကျောင်းသူလေးတွေ ကိုယ့်ထက်ငယ်ကြတယ်။ ကျောင်းသူကျောင်းသား တက္ကသိုလ်တက်ဖို့ ကြိုးစားနေကြတယ်။သူတို့ကိုယ်တိုင်ကလည်း ကြိုးစားကြတယ်။သင်လို့ရရင် အကုန်သင်တယ်။ အချင်းချင်းလည်း ပြန်သင်ပေးတယ်။အလုပ်တင်မကဘူး စိတ်ပိုင်းဆိုင်ရာ အားပေးတယ်။ leadershipပိုင်း၊ လိုအပ်ချက်တွေ ပြင်ပေး၊အကြံပေးတယ်။လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ပြောပြပေးတာပါ။

နောက် အဲ့မှာလုပ်နေရင်းနှင့် တက္ကသိုလ်ပြီးခါနီးရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောဖြစ်တယ်။

“ကျောင်းပြီးရင် ပြန်တော့မယ်”လို

သူတို့က “၅နှစ်ပြီး ပြန်မယ် နှမျောစရာကြီး” “ပိုက်ဆံဘယ်လောက်ကုန်ပြီးသွားပြီလဲ” “အလုပ်ကို နှစ်အနည်းငယ်လုပ်ကြည့်ပါ” “ အချိန်ပိုင်းအလုပ်နှင့် အမြဲတမ်းဝန်ထမ်းမတူဘူး” “အကုန်လုံးက ပညာတွေပဲ”

ဆိုပြီး အမျိုးမျိုး တိုက်တွန်း အကြံတွေလည်း ပေးကြပါတယ်။

ဒါနဲ့ အလုပ်ရှာကြည့်မယ်ဆိုပြီး

သူတို့ဂျပန်တွေ ဘာတွေလုပ်လဲ၊ဘယ်လိုလုပ်လဲ လိုက်ကြည့်၊ မေးမြန်းပါတယ်။

ဒီတော့ အချိန်ပိုင်းအလုပ်ကနေပြီးတော့ ကိုယ်ကိုကိုယ် လေ့လာစဉ်းစားနိုင်စွမ်း၊ဆုံးဖြတ်နိုင်စွမ်းမြင့်လာတယ်လို့ ခံစားမိပါတယ်။

🔹* ပရိုဖိုင်*🔹

အမည် 🍀ဖြိုးသီရိကျော် လို့ခေါ်ပါတယ်ရှင့်
အသက် 🍀၂၆နှစ် (၂၀၁၈ခုနှစ် အင်တာဗျုးအချိန်)ပါ
ပညာအရည်အချင်း 🍀 BA(Japanese)
🍀 Tokyo International Business College (Asakusabashi)
🍀 Chuo Gakuin University (Bachelor of Commerce) ပါရှင့်
အလုပ် 🍀Renovation Company
ဂျပန်မှာ အလုပ်လုပ်နေတာ 🍀 ၁နှစ်ပြည့်တော့ပါမယ်။
နှစ်သက်သည့်အရာ 🍀 ယဉ်ကျေးမှု လေ့လာရတာ ၊ ဆူမိုပွဲကြည့် ၊ အိုချ ၊ ကီမိုနို
ပုံရိပ် 🍀 ရိုးသားကြိုးစားသူ၊ပွင့်လင်းသူ
တိုကျိုမှာ အကြိုက်ဆုံးနေရာ 🍀 Kamakura ( ရောက်ရောက်ချင်း ပထဦးဆုံး တစ်ယောက်တည်း သွားဖြစ်သော နေရာ)
ဂျပန်ရဲ့အပြုအမူ 🍀 ယဉ်ကျေးတာကို သဘောကျပါတယ်။
အကြိုက်ဆုံး ဂျပန်စကား 🍀 すごい(ချီးကျူးစကား) ၊ ကြားရရင် အားတက်စေပါတယ်


🔹
🔹** *🔹🔹
ဒီအင်တာဗျူးလေးကတော့ တိုကျိုမှာ ကျောင်းတက်ပြီး လက်ရှိ အလုပ်ဝင်နေတဲ့ မဖြိုးသီရိကျော် ကို တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၁) ဖြစ်ပါတယ်။

ဂျပန်မှာ ကျောင်းတက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေလေးတွေနှင့် ကိုယ့်အတွက် အကျိုးဖြစ်စေမယ့် ကျောင်းကို ရွေးချယ်ဖို့  အကြုံပြုတိုက်တွန်းထားပါတယ်။

အပိုင်း(၂)ကို နောက်ရက်မှာ တင်ဆက်ပေးမှာဖြစ်လို့ ကြည့်ရှုအားပေးပါအုံးရှင့်

Yours,
EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗