【Unicode】  ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဂျပန်မှာ စွန့်စွန့်စားစား အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာတိုင်းရင်းသူ၊တိုင်းရင်းသားများ၏ ရှင်သန်ခြင်း အနုပညာ

■EM 

စစ်ကိုင်းတိုင်း ရေဦးသူလေး ဖြစ်တဲ့ မဖြိုးသီရိကျော် အား တွေ့ဆုံမေးမြန်းခြင်း

အပိုင်း(၂)အလုပ်ရှာတဲ့အခါနှင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ ခွန်အား

ဂျပန်မှာ ဘာသာစကားကျောင်း၊သက်မွေးဝမ်းကျောင်း၊တက္ကသိုလ်အထိ ၃ဆင့်တက်ပြီးနောက် ၂၀၁၇မှာ စအလုပ်ဝင် လုပ်ကိုင်လျှက်ရှိပါတယ်။

ကျောင်းအတွေ့အကြုံအပြင်၊ အလုပ်ရှာဖွေရေးပိုင်းကိုလည်း သေချာဖြေကြားပေးထားပါတယ်။

ဂျပန်မှာ သင်ယူခဲ့တဲ့ ပညာတွေကို အမိမြန်မာမှာ ပြန်လည်အသုံးချသွားချင်တယ်ဆိုတဲ့ မဖြိုးရဲ့ အတွေ့အကြုံလေးက ….

 🔹🔹** *🔹🔹
အလုပ်ရှာတုန်းက ကျရှုံးမှုများစွာကြုံရလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရင်း ရှေ့ဆက်လှမ်းခဲ့ရတယ်

WF : ကျောင်းပြီးတော့ အလုပ်ရှာတဲ့အခါ ဘာတွေ ကြုံတွေ့ခဲ့ရလဲ။ဘယ်လောက်အထိ အချိန်ယူခဲ့ရလဲ။

ဖြိုး :  ၂၀၁၇ ၃လပိုင်း တက္ကသိုလ်ဘွဲ့ရပါတယ် ။ ဂျပန်မှာက ကျောင်းမပြီးခင် တစ်နှစ်ကျော်ကြိုပြီး အလုပ်ရှာကြပါတယ်။ အဲ့တော့ ၂၀၁၅အကုန်လောက်ကတည်းက အလုပ်စရှာရမှာပေါ့နော်။ ဒါပေမယ့် ပြန်ရမလား တွေဝေနေတာနဲ့ပဲ ၂၀၁၆ခုနှစ် ၁လပိုင်းမှပဲ အလုပ်စရှာဖြစ်ပါတယ်။

ဘယ်လိုလုပ်လဲဆိုတော့

မြန်မာ အဖွဲ့အစည်းတွေကို လိုက်စုံစမ်းတယ်။ဆွေးနွေးပွဲ၊job fairတွေသွားပါတယ်။

“မြန်မာJob Fair”မှာဆိုရင် စိတ်ဝင်စားလို့ ကုမ္ပဏီ၃ခု အင်တာဗျူးဖြေပါတယ်။ စစချင်းဖြေတာဆိုတော့ မအောင်ပါဘူး။ရသွားတဲ့သူတွေလည်း ရှိတာဆိုတော့ ကိုယ့်မှာ ဘာတွေလိုအပ်နေလဲ စဉ်းစားပါတယ်။ သူတို့မေးတာလည်း နားလည်ရဲ့သားနှင့် ဘာလို့မရတာလဲလို့ပေါ့။

ဘာလို့မရတာလဲ

အဖွဲ့လိုက်ဖြေတယ်၊သူတို့မေးတာ နားလည်တယ်၊ပြန်ဖြေနိုင်တယ်။ဒါပေမယ့် မရ။

ဖြေပုံဖြေနည်းလိုသွားတာလား။ဘာပြင်ဆင်ရမလဲ။

နောက်ဆုံး သိလာတာက

မေးခွန်းနဲ့ အဖြေ ကိုက်ညီမှသာ ရတယ်။ကိုယ် ရချင်တဲ့အလုပ်နေရာ၊ ဘာ့ကြောင့်လုပ်ချင်တာလဲ စသဖြင့် ဖြေတာကို ကြိုက်မလား။စကားရတိုင်း အလုပ်ရလားဆိုတော့ မဟုတ်။ စသဖြင့် ပြင်ဆင်စရာတွေ အများကြီးပါပဲ။ အဲ့မှာမရတော့ နောက်ဆက်လှုပ်ရှားတယ်။

စုစုပေါင်း ကုမ္ပဏီ ၃၀ လောက် ဝင်ဖြေဖြစ်ပါတယ်။

၁၀ခုလောက် ကျတဲ့အခါ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ပါဘူး။ စိတ်ဓါတ်တွေလည်း ကျတာ။

ရေးဖြေ၊နှုတ်ဖြေ အဆင့်ဆင့်အောင်ပြီး၊နောက်ဆုံးအဆင့်ရောက်မှ ကျတာတွေလည်းရှိတယ်။

၂၀၁၆၊ ၆လပိုင်းအထိ အလုပ်မရသေးတော့၊ ပိုပြီး စိတ်ဓါတ်ကျလာပါတယ်။

အချိန်ပိုင်းအလုပ်က ဂျပန်လုပ်ဖော်ကိုင်ဖက်တွေက အားပေးတယ်။

ဆက်လုပ်။ သူတို့ဆိုရင်လည်း ကုမ္ပဏီ၄၀ လောက်ရှိပြီ။ မရသေးဘူး။ရေစက်ရှိတဲ့ကုမ္ပဏီ မဟုတ်သေးလို့ ” ဆိုပြီးအမြဲအားပေးတယ်။ထပ်ရှာတယ်။

အဓိကသွားဖြစ်တာက

■ မြန်မာ job fair
■ パソナー(အရှေ့တောင် အာရှ ကျောင်းသားကျောင်းသူများအတွက်)
■ နိုင်ငံခြားသားသီးသန့် job fair
■ ကိုယ့်ဘာသာကိုယ် လျှောက်တာလည်း လုပ်တယ် マイナビစာရင်းသွင်းထားတယ်။(ခေါ်မခေါ်အသာထား လျှောက်လိုက်တယ်)
■ မရတာများတော့ ကျောင်းကို ပြန်ဆွေးနွေးပါတယ်။ တက္ကသိုယ်ကျောင်းတွေမှာ キャリアセンターဆိုပြီး အလုပ်ရှာဖို့အတွက် အင်တာဗျူးဖြေဆိုနည်း၊ အလုပ်ဝင်ချင်တဲ့အကြောင်းရင်းစသဖြင့် လေ့ကျင့်ပေးတဲ့ နေရာရှိပါတယ်။

အဲ့မှာတော့ အချိန်ပေးရပါတယ်။အပတ်စဉ် ဗီဒီယို ရိုက်တယ်။ ပြောတယ်၊ဖြေတယ်၊မှတ်တမ်းတင်ထားတယ်။ စာရွက်စာတမ်းကအစ ပြင်ဆင်တယ်။ပြန်စစ်ပေးတယ်။ မှားနေတယ် ဘယ်လိုပြင်ရမလဲ။ နောက်တစ်ခုဆိုရင်လည်း ဘယ်လိုလုပ်ရမလဲ။ ကုမ္ပဏီအလိုက် ဘာ့ကြောင့် အဲ့ကုမ္ပဏီကို ဝင်ချင်ရတာလဲဆိုတဲ့ လျှောက်ရခြင်းအကြောင်းပြချက်ရေးရတော့ အမျိုးမျိုးရေးပြင်ထားရပါတယ်။

နောက်သွားဖြစ်တာက

■ ကိုယ်နေတဲ့မြို့ရဲ့ အလုပ်မိတ်ဆက်ဆွေးနွေးပွဲ၊
■ ကျောင်းမှာပြုလုပ်တဲ့ အလုပ်မိတ်ဆက် ဆွေးနွေးပွဲ
(အခု လုပ်နေတာက ကျောင်းက မိတ်ဆက်ပေးတဲ့ ဆွေးနွေးပွဲ ကနေ အလုပ်ရတာပါ။)

■ ハローワーク(ဂျပန်အလုပ်သမားရေးရာဝန်ကြီးဌာနပိုင် အလုပ်ရှာဖွေရေးဌာန) ကိုသွားတယ် ။

အခု၃၀လောက် ဖြေဆိုပြီး အလုပ်ရရှိတာက ၃ခုပါ။

(၁) ခရီးသွားလုပ်ငန်း စျေးကွက်မားကတ်တင်း

(၂) IT ကုမ္ပဏီ

(၃) အဆောက်အဦးပြန်လည်ပြုပြင်ထိန်းသိမ်းရေး renovation

内定 ၃ခုလောက်ရမှ ပြန်စဉ်းစားပါတယ်။

ရုံးချိန်၊နားရက်၊နှစ်စဉ်ဘောနပ်စ်ဆုကြေး အကုန်ယှဉ်ကြည့်ပါတယ်။

အလုပ်စရှာကတည်းက အခက်အခဲတွေ၊ ကျရှုံးမှုတွေ အများကြီးပါပဲ။ စိတ်ဓါတ်ကျလို့ မွန်းကြပ်ရ၊ ပြန်တော့ မယ် တစ်ကဲကဲ ဖြစ်နေတဲ့အချိန်မှာ အလုပ်ရတော့ ပျော်မိပါတယ်။

အခုကတော့

Renovation အလုပ်ဖြစ်ပါတယ်။

大規模(だいきぼ)修繕(しゅうぜん)工事(こうじ)

営業(えいぎょう)企画(きかく)စျေးကွက်မားကတ်တင်းsupport အပိုင်းဖြစ်ပါတယ်။ပြင်မယ့်အဆောက်အဦးကို ကိုယ့်ကုမ္ပဏီမှာ အပ်နှံအောင် အစီအစဉ်အမျိုးမျိုးရေးဆွဲခြင်းအပိုင်းမှာ တာဝန်ယူပါတယ်။

予算(よさん) ဘက်ဂျက်、スケジュール အချိန်ဇယား、サービス ဝန်ဆောင်မှု、企画(きかく)plan ကို ဌာနထဲမှာ ပြုလုပ်ပြီး မားကတ်တင်းသမားတွေကို အပ်နှံ၊

မားကတ်တင်းဝန်ထမ်းတွေက ဒီplan ကို သက်ဆိုင်ရာ ပြင်ဆင်မယ့်အဆောက်အဦးပိုင်ရှင်ကို ချပြ၊အလုပ်အပ်နှံအောင် ပြောကြပါတယ်။

အခုဆိုရင် အလုပ်ဝင်တာ ၁နှစ်ပြည့်ပါတော့မယ်။

 🔹🔹** *🔹🔹

ကုမ္ပဏီအလုပ်ခွင်ထဲမှာ တော့ တက်တက်ကြွကြွနှင့် အမှားနည်းအောင် ပြုမူလုပ်ကိုင်ပါတယ်။

WF :ဂျပန်အလုပ်ခွင်ထဲမှာ သတိထားစရာဆိုရင်

ဖြိုး : – တာဝန်တော်တော်လေးကြီးပါတယ်။ဝန်ဆောင်မှု၊စီမံဌာနအတွင်းမှာ တာဝန်ထမ်းဆောင်ရတော့ အမှားနည်းအောင် လုပ်ရပါတယ်။(ဘယ်အလုပ်မဆို အမှားနည်းရင် ကောင်းပါတယ်)

– ကိုယ်မလုပ်တတ်ရင် ဆွေးနွေးတိုင်ပင်ပါတယ်။ အရင်ဆုံးတော့ ကိုယ့်တာဝန်ကို လုပ်ကြည့်၊မရမှ စစ်ခိုင်းရင်အဆင်ပြေမှာပါ။ ဘာမှ မလုပ်ရသေးဘဲ သွားမေးလို့တော့ မရဘူးပေါ့နော်။

– နောက်တစ်ချက်က လူမူဆက်ဆံရေးပိုင်း သတိထားပါတယ်။ အလုပ်ခွင်ထဲမှာဆို ဂျပန်စာကအစ အသုံးအနှုန်းပိုင်းယဉ်ကျေးရမယ်။လူက တက်တက်ကြွကြွနေပါတယ်။

– အခုကုမ္ပဏီမှာက နိုင်ငံခြားသားဆိုလို့ မြန်မာ၊တရုတ် ပေါင်း ၂ယောက် ပထမဦးဆုံးဝင် တာပါ။ မြန်မာတစ်ယောက်တည်းဆိုတော့ ကိုယ့်ရဲ့ လုပ်ပုံကိုင်ပုံက မြန်မာနိုင်ငံရဲ့ပုံရိပ်ပါ ထင်ဟပ်နေတဲ့အတွက် အဆင်ပြေဆုံးဖြစ်အောင် ပြုမှုနေထိုင်ပါတယ်။

– ကုမ္ပဏီကတော့ မိသားစုဆန်တယ် ၊နေထိုင်စားသောက် ကျန်းမာရေးပိုင်း အထိ ဂရုစိုက်ပေးပါတယ်။ဘာဖြစ်ဖြစ် ဂရုစိုက်၊ ဦးစားပေးပါတယ်။

အဆင်ပြေပါတယ်။

 🔹🔹** *🔹🔹

အနာဂတ်အစီအစဉ်ကတော့ မြန်မာပြည်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါမယ်။

WF : နောင်အနာဂတ်အတွက် ဘယ်လို အစီအစဉ်တွေ ချမှတ်ထားပါသလဲ။

ဖြိုး :  ဂျပန်မှာ တောက်လျှောက်နေဖိုတော့ အစီအစဉ်မရှိပါဘူး။

လက်ရှိမှာ ဂျပန်မှာ အလုပ်လုပ်ပြီး သင်ယူစရာရှိတာသင်ယူမယ်။

နောက် ၅နှစ်/၆နှစ်လောက်မှ ပြန်ဖြစ်မလားပါပဲ။မသေချာသေးပါဘူး။

ပြန်ရင် မိဘလုပ်ငန်းဦးစီးမယ်။အဲ့တာအပြင် ကိုယ်ပိုင်လုပ်ငန်းထူထောင်ချင်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းအတွက်ကတော့ စဉ်းစားထားတာလ​ေးရှိတယ်။ ဂျပန်မှာဆိုရင် စတိုးဆိုင်မှာရောင်းတဲ့ မုန့်လေးတွေကအစ လှလှပပအရသာရှိအောင် ထုတ်တတ်ကြတယ်လေ။ အဲ့လိုမျိုး ထုတ်လုပ်ရေးနည်းပညာပိုင်းတွေဆို သဘောကျမိတယ်။ ဒီဂျပန်မှာ ရှိနေတုန်းလည်း အမျိုးမျိုး ကြည့်ဖြစ်တယ်။ကိုယ်ပိုင်လုပ်ငန်းမှာလည်း ဂျပန်လိုမျိုး လုံခြုံစိတ်ချရတဲ့ ပစ္စည်းမျိုး၊ဝန်ဆောင်မှုမျိုးကို အသုံးချသွားချင်ပါတယ်။(လုပ်ချင်တဲ့ စိတ်ကူးပေါ့နော်)^-^

 🔹🔹** *🔹🔹

စကားလက်ဆောင်

WF :နောင်ဂျပန်မှာနေထိုင်မယ့် မြန်မာများအတွက် စကားလက်ဆောင်လေး

ဖြိုး : နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာက မလွယ်ပါဘူး။ကိုယ့်ဘက်က အချိန်၊ငွေ၊အရွယ် အမျိုးမျိုးရင်းနှီးရပါတယ်။အဓိကကတော့

၁။ စိတ်ဓါတ်ခိုင်မာ

၂။ သည်းခံ

၃။ စိတ်ရှည်

၄။ စိန်ခေါ်ချင်တဲ့စိတ် ရှိဖို့ပါပဲ။ဒီလေးမျိုးမရှိရင်တော့ မလွယ်ကူပါဘူး။

ဂျပန်ကို စိတ်ဝင်စားရင် သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ရောက်ပြီးမှ တိုးတက်လာတယ် ၊အမြင်ကျယ်လာပါတယ်။နားမလည်တာတွေ အများကြီးပဲ။အဲ့တာကို ကျော်လွှားနိုင်ရင် ဘယ်နိုင်ငံမှာမဆို အဆင်ပြေပြေနေနိုင်မယ်လို့ထင်ပါတယ်။အတူတူ ကြိုးစားကြရအောင်ပါ။

🔹* ပရိုဖိုင်*🔹

အမည် 🍀ဖြိုးသီရိကျော် လို့ခေါ်ပါတယ်ရှင့်
အသက် 🍀၂၆နှစ် (၂၀၁၈ခုနှစ် အင်တာဗျုးအချိန်)ပါ
ပညာအရည်အချင်း 🍀 BA(Japanese)
🍀 Tokyo International Business College (Asakusabashi)
🍀 Chuo Gakuin University (Bachelor of Commerce) ပါရှင့်
အလုပ် 🍀 Renovation Campany
ဂျပန်မှာ အလုပ်လုပ်နေတာ 🍀 ၁နှစ်ပြည့်တော့ပါမယ်။
နှစ်သက်သည့်အရာ 🍀 ယဉ်ကျေးမှု လေ့လာရတာ ၊ ဆူမိုပွဲကြည့် ၊ အိုချ ၊ ကီမိုနို
ပုံရိပ် 🍀 ရိုးသားကြိုးစားသူ၊ပွင့်လင်းသူ
တိုကျိုမှာ အကြိုက်ဆုံးနေရာ 🍀 Kamakura ( ရောက်ရောက်ချင်း ပထဦးဆုံး တစ်ယောက်တည်း သွားဖြစ်သော နေရာ)
ဂျပန်ရဲ့အပြုအမူ 🍀 ယဉ်ကျေးတာကို သဘောကျပါတယ်။
အကြိုက်ဆုံး ဂျပန်စကား 🍀 すごい(ချီးကျူးစကား) ၊ ကြားရရင် အားတက်စေပါတယ်

🔹🔹** *🔹🔹

ဂျပန်မှာ နေထိုင်ဖို့ အလိုအပ်ဆုံးကတော့ စိန်ခေါ်ချင်စိတ်အပြည့် နှင့် အရာရာကို အကောင်းဖက်ကနေ စဉ်းစားဖို့ အကြုံပြုတိုက်တွန်းထားပါတယ်။ဒီအင်တာဗျူးလေးကတော့ တိုကျိုမှာ ကျောင်းတက်ပြီး လက်ရှိ အလုပ်ဝင်နေတဲ့ မဖြိုးသီရိကျော် ကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

Yours,
EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗