ယဉ်ကျေးသောအမူအကျင့်ရှိတဲ့ ဝန်ထမ်းကောင်းတွေဆိုတာ အပိုင်း(၁)

【Zawgyi】 ⇒ Unicode Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■သွ်င္မိုး

ဂျပန်သည်းကျော်ချန်တို့ရေ………

နေရာဒေသတခုမှာ အခြေချနေထိုင်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ရှောင်လွှဲလို့မရတဲ့အရာတခုက ယဉ်ကျေးမှုပါ။ယဉ်ကျေးမှုတွေကိုသာ နားလည်ထားမယ်ဆိုရင်ဖြင့် မိမိနေထိုင်ရာနိုင်ငံကလူမျိုးများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေနေမှာပါ။ဘယ်နိုင်ငံ ဘယ်လူမျိုးမှာမဆို ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုယ်စီရှိကြတာမို့ ကြိုတင်လေ့လာထားရအောင်နော်။ဒီတခါတော့ ဂျပန်နိုင်ငံကလုပ်ငန်းခွင်တွေမှာတွေ့ရတဲ့ ဝန်ထမ်းများရဲ့ အမူအကျင့်လေးများနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

👉🏻နှုတ်ဆက်ခြင်း

ဂျပန်လူမျိုးများဟာ မနက်၊နေ့လည်၊ည ဆိုပြီးခွဲကာနှုတတ်ဆက်စကားဆိုပါတယ်။ ဒီလိုနှုတ်ဆက်ပြီးရင် စကားဆက်အနေနဲ့ တခုခုထပ်ပြောတာကောင်းပါတယ်။

“ကောင်းသောမနက်ခင်းပါ၊ ဒီနေ့ရာသီဥတုကောင်းတယ်နော်おはようございます、今日はいい天気(てんき)ですね“ဆိုတာမျိုးပါ။

ဒီလိုဆိုရင် တဖက်လူက”ကောင်းသောမနက်ခင်းပါ၊ တကယ့်ကို နွေးနွေးထွေးထွေးပဲနော်おはようございます、本当(ほんとう)にポカポカですね“လို့ပြန်ပြောမှာပါ။

မိမိနဲ့တဖက်လူကြားမှာ အဆက်အသွယ်ဖြစ်စေမှာပါ။အကယ်၍အလုပ်ထဲမှာ မိမိကခင်ချင်သူများရှိရင် သူတို့ကိုမိမိကနေစပြီးနှုတ်ဆက်ပေးပါ။ဒါဆိုသူတို့လဲ ကောင်းကောင်းသဘောပေါက်ပါတယ်။

အလုပ်ခွင်မှာပြောတဲ့နောက်ထပ်နှုတ်ဆက်နည်းကတော့ အလုပ်ကိစ္စနဲ့အပြင်သွားခါနီးဆိုရင်”သွားလိုက်ပါဦးမယ်နော်行(い)ってきます“ဆိုရင် ကျန်ခဲ့တဲ့သူများက”သွားလိုက်ပါဦး 行って(いって)らっしゃい“လို့ပြောပေးရပါတယ်။

တဖန် အပြင်ကသူကအလုပ်ကိစ္စပြီးလို့ ရုံးပြန်လာတယ်ဆိုရင် ” ပြန်ရောက်ပါပြီ 只今(ただいま)、戻り(もどり)ました“လို့ပြောရင်၊ ရုံးကသူများက “お帰(かえ)りなさい(ပြန်ရောက်တာကိုကြိုဆိုပါတယ်)”လို့ပြောပေးကြပါတယ်။

။ခြွင်းချက်အနေနဲ့ တခါတရံမှာ မိမိနှုတ်ဆက်ချင်တဲ့သူဟာ အခြားတဦးဦးနဲ့စကားပြောနေတာဆိုရင် မျက်လုံးနဲ့ကြည့်ရင်း ပြုံးပြတာမျိုးနဲ့ပဲနှုတ်ဆက်သင့်ပါတယ်။ခေါင်းလေးတချက်ငြိမ့်ပြီး ပြုံးပြနှုတ်ဆက်တာမျိုးလဲရပါတယ်။

နှုတ်ဆက်စကားပြောချိန်မှာ တဖက်လူမျက်နှာကိုကြည့်ပြောဖို့မမေ့ပါနဲ့။ ဂျပန်လူမျိုးတွေကြားမှာ မျက်နှာမကြည့်ပဲစကားပြောခြင်းဟာ ရိုင်းပါတယ်။

👉🏻တဖက်လူဆီမှ အကူအညီအတောင်းခံရခြင်း

မိမိရဲ့အထက်လူကြီးကဖြစ်စေ၊ စီနီယာကဖြစ်စေ အကူအညီတောင်းခြင်း၊ သတိပေးခြင်းများလုပ်ချင်ရင် နာမည်တပ်ပြီးအခေါ်ခံရပါတယ်။ဒီအချိန်မှာ”ဟုတ်ကဲ့ はい“လို့ပဲမဖြေပါနဲ့၊ “ဟုတ်ကဲ့၊ လာခဲ့ပါ့မယ် はい、まいります“လို့ပြန်ဖြေရပါတယ်။

အထက်ကအလုပ်လုပ်ရန် ညွှန်ကြားနေချိန်မှာဆိုရင် စာရွက်နဲ့ရေးရင်း ဟုတ်ကဲ့၊ ဟုတ်ကဲ့လို့ ပြောလဲရပါတယ်။သတိထားရမှာက“ဟယ် へ、အွန်း うんうん “မသုံးသင့်ပါ။

မရှင်းတာကိုပြန်မေးချင်ရင်တော့၊ အားလုံးပြီးမှ နောက်ဆုံးမှာ”……နဲ့ပက်သက်ပြီး တခုပဲမေးချင်လို့ပါ ○○について、一つおうかがいしてもよろしいでしょうか“လို့မေးပါ။သူပြောတာတွေကို မိမိကပါးစပ်ကနေနောက်တကြိမ်ပြောပြီး ပြန်စစ်ပါ။

မိမိအနေနဲ့ အကူအညီမပေးနိုင်ဘူးဆိုရင် “ကျွန်တော်မလုပ်နိုင်ဘူး”လို့မပြောပါနဲ့။ မလုပ်နိုင်ဘူးဆိုတာ မလုပ်ချင်ဘူးလို့လဲထင်စေပါတယ်။ လုပ်နိုင်တဲ့အစွမ်းအစမိမိမှာ မရှိဘူးလို့ထင်ရင်”အတွေ့အကြုံကနဲ၊ကိုယ့်ဘာသာလဲယုံကြည်မှုမရှိဘူး”လို့ပြောနိုင်သလို၊ အချိန်အရမလုံလောက်ဘူးဆိုရင် “အရင်တခါကလုပ်ထားတာ ဘယ်နှရက်ကြာပါတယ်”လို့ပြောပြနိုင်ပါတယ်။

👉🏻မိမိမှတဖက်လူကို အကူအညီတောင်းခြင်း။

မိမိကနေအကူအညီစတောင်းချင်ရင် စကားလုံးအသုံးနဲ့ အမူအရာကအများကြီးအရေးပါပါတယ်။မိန်းကလေးဆိုရင် ခေါင်းကို၃၀ဒီဂရီလောက်စောင်းပြီး မသိလို့စိတ်ညစ်တဲ့အမူအရာလုပ်ပြတာမျိုးပါ။မိမိအောက်ကဂျူနီယာကို ရင့်ရင့်သီးသီးစကားတွေမပြောရပါ။ ဒါဟာပါဝါသုံးတာဖြစ်လို့၊ အရေးယူလို့ရပါတယ်။တဖက်လူအလုပ်များနေချိန်မှာ အကူအညီမတောင်းသင့်ပါ။

👉🏻မေးခွန်းမေးခြင်း

အစည်းအဝေးမှာဖြစ်စေ၊ အလုပ်ခွင်သင်တန်းမှာဖြစ်စေ မိမိမသိတာများကို မေးခွန်းထုတ်မေးကြပါတယ်။လူအများကြီးထဲကနေမိမိကစပြီးမေးခွန်းမေးချင်ရင်”တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်အရင်မေးခွန်းမေးလို့ရပါသလား” ဆိုပြီး ခွင့်တောင်းပါ။ကျော်လာခဲ့တဲ့စကားနဲ့ပက်သက်ပြီး ပြန်မေးချင်ရင်”အရှေ့ကို နဲနဲပြန်သွားပြီးမေးချင်ပါတယ်”လို့ပြောပေးပါ။

မေးခွန်းများမမေးမီ စာရွက်ပေါ်အရင်ချရေးပါ။ တဖက်လူကစကားပြောတာဆုံးမှ မိမိမေးချင်တာမေးပါ။အခြားတယောက်နဲ့ စကားပြောနေချိန်မှာ ဖြတ်ပြီးမမေးရပါ။အသံတိုးတိုးနဲ့မမေးရပါ။စားပွဲပေါ်လက်ထောက်ခြင်း၊ လက်နဲ့ဆံပင်ကိုင်နေခြင်း၊လက်ပိုက်ထားခြင်း၊ ဖောင်တိန်ကိုလက်နဲ့ကစားနေခြင်းများမလုပ်ရပါ။

👉🏻ထမင်းစားရန်ဖိတ်ခေါ်ခြင်း

ရုံးဝန်ထမ်းများဟာ နေ့လည်စာကိုအပြင်မှာစားတားများပါတယ်။ သွားတော့မယ်ဆိုရင် “ဒီနေ့ နေ့လည်စာအတူတူသွားရအောင်လား”ဆိုပြီးဖိတ်ခေါ်ကြပါတယ်။“အရင်တခါက ……နဲ့သွားစားတဲ့ဆိုင်ကအသားကင် အရမ်းကောင်းတာပဲ၊ အဲဒီကိုသွားကြရအောင်လား”လို့ဆိုပြီး ပြောရင်ပိုကောင်းပါတယ်။ စီနီယာနဲ့အတူတူသွားချင်ရင်တော့ “စီနီယာနဲ့ စကားလေးဘာလေးပြောချင်လို့ပါ”ဆိုတာမျိုး၊ ဂျူနီယာဆိုရင်တော့”ဘယ်မှာကောင်းတဲ့ဆိုင်ရှိလဲ၊ အချိန်ရှိမယ်ဆိုရင် ထမင်းလိုက်ကျွေးမယ်”လို့ပြောနိုင်ပါတယ်။ ဂျူနီယာကို ကိုယ်ကဖိတ်ရင် ကိုယ်ကရှင်းဖို့များပါတယ်။အကယ်၍မိမိကဒီနေ့မလိုက်နိုင်ဘူးဆိုရင်” ဒီနေ့ကထမင်းဘူးပါလာလို့၊ မနက်ဖြန်ဆိုရင်ဘယ်လိုလဲ”လို့ပြောလည်း ရပါတယ်။ နေ့လည်စာအတူစားတာအပြင်၊ ညနေရုံးဆင်းချိန်လည်း တစ်ခုခုစားရန် ဖိတ်ခေါ်နိုင်ပါသေးတယ်။

သည်းကျော်ချန်တို့ရေ……နောက်အပတ်မှာလည်း ဆက်လက်ပြီး တင်ဆက်ပေးပါဦးမယ်။

ချစ်တဲ့💖သျှင်မိုး

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး