ဂျပန်နိုင်ငံမှာ သင်ယူဖြေဆိုနိုင်သော (Certificate) လက်မှတ်များအကြောင်း(၁)

【Unicode】⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာသင်တန်းကျောင်းဘွဲ့ရပြီး၊ ဆန်းမွန်းကျောင်း၊ တက္ကသိုလ်ကျောင်းများတွင် ပညာသင်ယူကြသော ဂျပန်လူမျိုး၊နိုင်ငံခြားသား မည်သူမဆို မိမိသင်ယူနေသော ဘာသာရပ်နှင့်သက်ဆိုင်သော Certificate လက်မှတ်များယူလေ့ရှိကြပါတယ်။

အလုပ်ရဖို့အတွက် လက်မှတ်စာမေးပွဲပါ။ကျောင်းတက်ထားတာပဲ။ မဖြေလည်းရတာပဲလို့ ထင်ရပေမယ့်

ကျောင်းတစ်ကျောင်းနှင့်တစ်ကျောင်း သင်ရိုးညွှန်းတမ်းမတူ အမှတ်ပေးစည်းမျဉ်းမတူသောကြောင့်၊ကျောင်းသား များကို ကုမ္ပဏီများဘက်မှ နှိုင်းယှဉ်မည်ဆိုပါက တစ်နိုင်ငံလုံးအနေဖြင့် တပြေးညီ  အသိအမှတ်ပြုထားသော သက်ဆိုင်ရာစာမေးပွဲ အောင်လက်မှတ်များဖြင့် အရည်အချင်းများကို ယှဉ်လေ့ရှိကြပါတယ်။

ကျောင်းတက်နေစဉ်သာမက အလုပ်ခွင်ထဲ ရောက်ပြီးနောက်ပိုင်းလည်း စွမ်းရည်မြင့်ဖို့အတွက် ဝင်ဖြေကြပါသေးတယ်။

ဒါကြောင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ချင်သူ၊ ဂျပန်ကုမ္ပဏီများတွင်အလုပ်လုပ်ချင်ပါက သေချာပေါက်မိမိသင်ယူလေ့လာနေသော ဘာသာရပ်ဆိုင်ရာ Certificate များကို ဝင်ရောက်ဖြေဆို၊ အောင်လက်မှတ်များယူထားသင့်ပါသည်။

Certificate များကို ဘာသာရပ်အလိုက် အမျိုးမျိုးရှိပါတယ်။ ဂျပန်စာအရည်အချင်းစစ်စာမေးပွဲမှ အစ အင်္ဂလိပ်စာ၊ စီးပွားရေး စသဖြင့် ပါပဲ။

အရင်ဆုံး စီးပွားရေးနှင့်သက်ဆိုင်သောကျောင်းသားများဖြေဆိုလေ့ရှိတာကို  လေ့လာကြည့်ပါက 

ကုမ္ပဏီများက အသိအမှတ်ပြုသည့် အဓိကစာမေးပွဲကတော့ Book Keeping & Accounting လက်မှတ်များ ဖြေဆိုကြတာများပါတယ်။

ဂျပန်နိုင်ငံတွင် စာရင်းကိုင်နှင့်ပတ်သတ်သော လက်မှတ်ဟုဆိုပါက
1. 全経簿記(ぜんけいぼき)
2. 日商簿記(にっしょうぼき)စသည့် ၂မျိုးက လူသိများပြီး ဖြေဆိုသူများသောစာမေးပွဲဖြစ်ပါတယ်။

ဒီစာမေးပွဲများသည် ဂျပန်ကုမ္ပဏီတွင် အရောင်းဝန်ထမ်းမှအစ ရုံးဌာနပိုင်း စာရင်းပိုင်းလူတော်တော်များများ မရှိမဖြစ်ယူကြရသည့် စာမေးပွဲဖြစ်ပါတယ်။

ဂျပန်မှာ ပညာသင်ကြားနေသော နိုင်ငံခြားသားများသာမက ဂျပန်လူမျိုးကုမ္ပဏီဝန်ထမ်းများပါ ဖြေဆိုလေ့ရှိကြပါတယ်။

အမှတ်၁၀၀ မှာ အမှတ်၇၀ကျော်ရမှ အောင်မှာပါ။

တစ်ခုချင်းစီကို ရှင်းပြရမည်ဆိုပါက

👉全経簿記(ぜんけいぼき)

Level 3,2,1,Upper Level များရှိပါတယ်။စာမေးပွဲတွေကတော့ 2လ၊5လ၊7လနှင့် 11လ စသည်ဖြင့် တစ်နှစ်ပတ်လုံး4ကြိမ်ရှိပါတယ်။ အောင်ချက်ရာခိုင်းနှုန်းမြင့်ပါတယ်။

Level 3 က ပျမ်မျှအောင်ချက် 69%၊ Level 2 က ပျမ်းမျှအောင်ချက် 52% နှင့် Level 1 ကတော့ပျမ်းမျှအောင်ချက်ရာခိုင်းနှုန်း 49% အောင်မြင်ပါတယ်။ Upper Level 20% အောင်မြင်ကြပါတယ်။

မည်သူမဆိုအောင်နိုင်ပါတယ်။ လေ့ကျင့်မှုအားသာလိုအပ်ပါတယ်။

စာမေးပွဲဖြေဆိုတဲ့အခါမှာတော့ ကိန်းဂဏန်းတွေကိုသေချာရေးရပါတယ်။ လွယ်တယ်လို့ထင်ရပေမယ့် လက်ရေးနဲ့ ဂဏန်းရေးတာကို အမှတ်ပေးတဲ့အခါ အရမ်းကြပ်ပါတယ်။

လက်ရေးပီသအောင်အရေးကျင့်ဖို့လည်းလိုအပ်ပါတယ်။ ဒီစာမေးပွဲကို Level 2 အထိအောင်မြင်ထားပါက စာရင်းသေချာစွာ အကောင့်ခွဲ၍ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံကုမ္ပဏီရုံးဌာနတွင်အလုပ်လုပ်ကိုင်သူများအတွက်ကတော့ ဖြေဆိုထားသင့်တဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။

👉日商簿記(にっしょうぼき)

日商簿記(にっしょうぼき)ကတော့ ပိုမြင့်တဲ့Brand လို့ပြောရမှာပေါ့နော်။Level 4,3,2,1 စသည်ဖြင့်ရှိပါတယ်။ level 1 ကအမြင့်ဆုံးအဆင့်ပါနော်။

Level 4ကတော့ အလယ်တန်းအထက်တန်းကျောင်းသားများသာဖြေဆိုလေ့ရှိကြပြီး

Level 3 မှစ၍ ဆန်းမွန်း ၊တက္ကသိုလ်ကျောင်းသားများနှင့် ကုမ္ပဏီဝန်ထမ်းများ ဝင်ရောက်ဖြေဆိုလေ့ရှိကြပါတယ်။
တစ်နှစ်ပတ်လုံးတွင် 2လ၊6လနှင့် 11လပိုင်းများတွင် Level 3,2 စာမေးပွဲများရှိပြီး Level 1 ကတော့ 6လနှင့် 11လပိုင်း တစ်နှစ်တွင် ၂ကြိမ်သာ ကျင်းပပါတယ်။

Level 3 အောင်လက်မှတ်ရှိထားသည်ဆိုရင်ကို တော်တော်အသိအမှတ်ပြုထားပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားကျောင်းသားများ အောင်လက်မှတ်ရရှိထားပါက အလုပ်လျှောက်ထားရာတွင်များစွာ အထောက်အကူဖြစ်စေမှာပါ။

Level 2 အောင်မြင်ပါက ဂျပန်ကုမ္ပဏီစာရင်းဌာနတွင် အလုပ်လုပ်ကိုင်နိုင်ပါတယ်။

တချို့သော ကုမ္ပဏီများသည် နိုင်ငံခြားသားကျောင်းသားဆိုပါက Level 3 နှင့်ပင် အလုပ်ခန့်အပ်ကြပါတယ်။

ဒီစာမေးပွဲအောင်ချက်ရာခိုင်နှုန်းကတော့ Level 3 က 40% Level 2 က 30% နှင့် Level 1 ကတော့ 10% သာအောင်မြင်ကြပါတယ်။

ဒီအောင်ချက်ရာခိုင်နှုန်းတွေက ဂျပန်လူမျိုးများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအောင်ချက်များဖြစ်သောကြောင့် နိုင်ငံခြားသားကျောင်းသားများ အောင်မြင်ပါက ပိုလို့ပင် အလုပ်လျှောက်ထားသည့်အခါတွင် အသုံးဝင်ပါတယ်။

စီးပွားရေးအထူးပြုဘာသာရပ်ကျောင်းသားများအတွက် အခက်ဆုံးနှင့် အောင်လက်မှတ်ရရှိထားပါက အလုပ်လျှောက်ထားရလွယ်ကူသောစာမေးပွဲဖြစ်ပါတယ်။

👉ဂျပန်မှာလည်း လက်မှတ်အသုံးဝင်

ဂျပန်လူမျိုးတို့သည်လည်း ကျနော်တို့မြန်မာနိုင်ငံနှင့်မခြား Certificate လက်မှတ်များအလွန်သဘောကျကြပါတယ်။

ခက်ခဲတာကိုသာမက လွယ်လွယ်ကူကူယူလို့ရတဲ့ 所得税(しょとくぜい)ဝင်ငွေခွန်တွက်ချက်နည်းကိုလည်း Certificate ရှိပါတယ်။

အခြားသော ဖြေဆိုအောင်မြင်လွယ်သော လက်မှတ်များအများကြီးကျန်ပါသေးတယ်။ မိမိဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုပါက လွယ်တာကအစ ခက်ခဲသော လက်မှတ်များအထိတိုင် ကြိုးစားယူထားသင့်ကြောင်းတိုက်တွန်းပါရစေနော်။

ကိုယ်ရထားတဲ့လက်မှတ်ကို အသိအမှတ်ပြုတဲ့ ကုမ္ပဏီမှာအလုပ်ဝင်ရင် အောင်လက်မှတ်တစ်ခုကို လခ ယမ်း5000 တိုးပေးလေ့ရှိသော ကုမ္ပဏီများလည်းများစွာရှိတယ်လို့ သိရပါတယ်။

သူငယ်ချင်းတို့လည်း အလုပ်လျှောက်မယ်ဆိုရင် ကိုယ်ရည်လေးသွေးထားပါနော်။

အဆင်ပြေပါစေ။

Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀