ဂျပန်တွေရဲ့ ကုမ္ပဏီလေ့လာရေးဆင်းနည်းတစ်ခု

OB・OG訪問(ほうもん)

【Unicode】   ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ EM

OB・OG ဆိုတာ ဘာလဲ

အပေါ်မှာ ပြောထားတဲ့အတိုင်း ကုမ္ပဏီလေ့လာရေးပါ။

OB・OG訪問(ほうもん)ဆိုသည်မှာ ကုမ္ပဏီမှ ဝန်ထမ်း(လက်ရှိဝန်ထမ်း၊စီနီယာ)တွေကို သိလိုတာမေးမြန်းဖို့ သွားရောက်တွေ့ဆုံတာကို ပြောပါတယ်။ (OB – old boy, OG – old girl ဂျပန်မှုပြုထားတဲ့ စကားလုံးလို့ ပြောရမှာပါ။)

ဂျပန်မှာက ၄လပိုင်းဆိုရင် ဘွဲ့ရကာစ လေးတွေ အလုပ် စဝင် ပါပြီ။အလုပ်ဝင်ဖို့အတွက်  ပြင်ဆင်ချိန်ကို  တစ်နှစ်ကျော်ကြိုပြီး လှုပ်ရှားကြပါတယ်။ ၄နှစ်နှင့်ဘွဲ့ရမှာဆိုရင် တတိယနှစ်ကတည်းက အမျိုးမျိုး စုံစမ်း၊ ဘယ်ကုမ္ပဏီကောင်းလဲ စသဖြင့်ပေါ့။

ကုမ္ပဏီ၊အလုပ်အခြေအနေကို သေချာ သဘောပေါက်သိနိုင်တဲ့  နည်းလမ်းတစ်ခုအနေနှင့် ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပြီး လေ့လာချင်ကြောင်း၊မေးမြန်းချင်ကြောင်း၊စိတ်ဝင်စားကြောင်းကို ဖော်ပြတာပါ ။ဂျပန်လူမျိုးတွေအကြားမှာတော့ လက်တွေ့ သွားမေးတဲ့သူရှိသလို၊ ရိုးရိုး အင်တာဗျူးလေးတင်ဖြေပြီး၊ ပြီးသွားတာလည်း ရှိပါတယ်။

ဂျပန်မှာက အခုလိုအချိန်ဆိုရင် အလုပ်အင်တာဗျူးတွေ ကျင်းပတဲ့အချိန်ဖြစ်ပါတယ်။ အင်တာဗျူးမဖြေခင်၊ ဒါမှမဟုတ် အင်တာဗျူးဖြေပြီးနောက် မေးမြန်းကြတာပါ။

မိမိတကယ်စိတ်ဝင်စားတဲ့ ကုမ္ပဏီဆိုရင် အလုပ်အင်တာဗျူးမဖြေခင်နှင့် ဖြေပြီးရလဒ်စောင့်နေစဉ်မှာ  ထပ်သိချင်တာကို မေးမြန်းကြည့်ရင်း ကိုယ်နှင့် အဆင်ပြေမပြေကို စဉ်းစားကြပါတယ်။

ကုမ္ပဏီကို သွားမကြည့်လို့ အလုပ်မရဘူးလို့ ပြောတာ မဟုတ်ပါဘူးနော်။ ဂျပန်တွေကြားမှာ ပြုလုပ်လေ့ရှိတဲ့ ကုမ္ပဏီလေ့လာနည်းကို ဝေမျှပေးတာပါ။

ကုမ္ပဏီအလိုက်လည်း လေ့လာမေးမြန်းခြင်းကို လက်ခံကြတာရှိသလို၊ အလုပ်ရှုပ်တဲ့အချိန်အခါဆိုရင် သွားရောက်ဖို့ အဆင်မပြေတာတွေလည်း ရှိပါတယ်တဲ့။ဒီအတိုင်း ခွင့်ပြုချက်မပါဘဲ ဝင်မေးကြည့်လို့မရပါဘူး။ကြိုတင်ချိတ်ထားရတာ။(အချိန်အခါကာလကို ချင့်ချိန်ပြီးမှ )

ကောင်းမွန်သန့်ရှင်းတဲ့ကုမ္ပဏီဆိုရင် ကုမ္ပဏီလေ့လာရေး လျှောက်ထားရင် အချိန်ညှိပေး၊လက်ခံပေးပါတယ်။

ဂျပန်တွေရဲ့ OB・OG訪問(ほうもん) ရည်ရွယ်ချက်

(၁) အလုပ်သင် internship လျှောက်ထားရန်အတွက်
အသွားများတဲ့အချိန် ( ကျောင်း- တတိယနှစ်  ၊  မေလ~ဇွန်လ )

(၂)မိမိလုပ်ချင်တဲ့အလုပ်ကို ရှာဖွေဆန်းစစ်ရန်အတွက် 
အသွားများတဲ့အချိန် ( ကျောင်း- တတိယနှစ်  ၊  ဒီဇင်ဘာလ~ဖေဖော်ဝါရီလ )

(၃)စိတ်ဝင်စားတဲ့ လုပ်ငန်းအမျိုးအစားအကြောင်း သိရန်အတွက်
အသွားများတဲ့အချိန် ( ကျောင်း- တတိယနှစ်  ၊ ဖေဖော်ဝါရီလ~ဧပြီလ )

(၄)ကုမ္ပဏီအလုပ်ရာထူးအလိုက် အလုပ်ခွင်အခြေအနေကို သိရန်အတွက်
အသွားများတဲ့အချိန် ( ကျောင်း- နောက်ဆုံးနှစ်  ၊ ဧပြီလ~မေလ )

(၅) အလုပ်အင်တာဗျူးအောင်ထားပြီးသော ကုမ္ပဏီများကို ပြန်ရွေးရန်အတွက်
အသွားများတဲ့အချိန် ( ကျောင်း- နောက်ဆုံးနှစ်  ၊ ဇူလိုင်လ~စက်တင်ဘာလ )

ကုမ္ပဏီဝန်ထမ်းတွေကို သွားတွေ့ပြီး ဘာလုပ်မှာလဲ 

မေးခွန်းသွားမေးတာပါ။
လက်ရှိဝန်ထမ်းကို အလုပ်လျှောက်မယ့်သူတွေက မ​ေးမြန်းတာပါနော်။

မေးလေ့ရှိတာက 

-ထိုဝန်ထမ်း ကုမ္ပဏီကို ဝင်ဖြစ်ခဲ့ပုံ
-လုပ်ရကျိုးနပ်မှု
-ကုမ္ပဏီပတ်ဝန်းကျင်
-တစ်နေ့တာ လုပ်ငန်းခွင်က ဘယ်လိုလဲ
-စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ စသဖြင့် အင်တာဗျူးသွားမေးတဲ့ သဘောမျိုးပါပဲ။

တကယ်လို့ သွားမေးတဲ့အခါမှာ ကိုယ်တစ်ယောက်တည်း သိချင်တာသိရရင် ပြီးပြီးဆိုတဲ့ပုံစံမျိုးမရပါဘူး။
ကုမ္ပဏီဘက်ကလည်း မေးမြန်းသူကို ပြန်ကြည့်ပါတယ်။ ငါတို့ ကုမ္ပဏီကို စိတ်ဝင်စားပါလား။အပြောအဆိုပုံစံဘယ်လိုပါလိမ့်ဆိုပြီးပါ။

ဘာတွေ မျှော်လင့်နိုင်သလဲ

(1) ကုမ္ပဏီရဲ့Information (လုပ်ငန်းခွင်အခြေအနေ)သိနိုင်
(2) အလုပ်အင်တာဗျူးလေ့ကျင့်မှုအနေနှင့်
(3) မိမိလုပ်ချင်တဲ့လုပ်ငန်းကို သေချာ ဆန်းစစ်နိုင်
(4) じこPR မိမိရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ပြနိုင်
(5) ကုမ္ပဏီနှင့် connection အချိတ်အဆက်ရနိုင် (မရတာလည်း ရှိပါတယ်နော်)

ဒါလေးကတော့ အလုပ်ဝင်ဖို့အတွက် ဂျပန်တွေ သုံးတဲ့ နည်းလမ်းလေးထဲက တစ်ခုOB・OG訪問(ほうもん)ပါ။သွားရောက်မေးမြန်းချင်တဲ့အခါမှာတော့ ကုမ္ပဏီဆီ emailပို့ပြီး ဆက်သွယ်ကြပါတယ်တဲ့။
ဂျပန်မှာ အလုပ်ရှာမယ်ဆိုရင် ဘွဲ့၊ကျောင်းမပြီးခင် တစ်နှစ်ကြိုတင် လေ့လာထားဖို့  မမေ့ပါနဲ့နော်။

သူငယ်ချင်းတို့လည်း အလုပ်ကောင်းကောင်းရဖို့ နည်းကောင်းလေးတွေသုံးပြီး စုံစမ်းကြည့်ကြပါနော်။

ကျေးဇူးအထူးတင်ရှိပါတယ်။

EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗