ဂျပန်နိုင်ငံတွင် သင်ယူဖြေဆိုနိုင်သော (Certificate) လက်မှတ်များအကြောင်း(၃)

【Unicode】 ⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ဂျပန်နိုင်ငံတွင်နေထိုင်သူများနှင့်ပညာသင်ယူရင်း ဝင်ရောက်ဖြေဆိုရယူနိုင်သော လက်မှတ်များအကြောင်းကို ဆက်လက်ဖော်ပြပါရစေနော်။

ကျနော်အရင်တပတ်က ရေးသားခဲ့သော ဂျပန်နိုင်ငံတွင် အလုပ်လျှောက်ထားပါက လိုအပ်သော ဖြေဆိုသူများသောလက်မှတ်များထဲမှ ဒီတပတ်မှာတော့ ကွန်ပျူတာလက်မှတ်အကြောင်းလေးကိုတင်ပြပါရစေနော်။


(1) Microsoft Office

MOS Word & MOS EXCEL

ဆိုပြီးစာမေးပွဲ၂ခုရှိပါတယ်။

ဒီစာမေးပွဲကတော့ ဂျပန်နိုင်ငံတွင်သာမက မိမိနိုင်ငံတွင်လည်း ရုံးသုံးကွန်ပျူတာကို ဂျပန်ဖောင့်နှင့် Word & Excel ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ပါတယ်ဆိုသော အသိအမှတ်ပြုစာမေးပွဲဖြစ်ပါတယ်။

ကျနော်တို့ မြန်မာတွေက ကွန်ပျူတာကို အင်္ဂလိပ်စာနှင့်စတင်သင်ယူခဲ့ကြတာဆိုတော့ အင်္ဂလိပ်ဗားရှင်းနဲ့ဆိုရင်တော့ အလွယ်တကူအသုံးပြုနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ဒါပေမယ့်လည်း ဂျပန်ကုမ္ပဏီမှာ အလုပ်လုပ်မည်ဆိုပါက သူတို့ကုမ္ပဏီတွင်ထည့်ထားသော လုပ်ငန်းခွင်သုံးဆော့ဖ်ဝဲလ်တွေက ဂျပန်စာဗားရှင်းပဲဖြစ်ပါတယ်။ ယခုခေတ်မှာ ကွန်ပျူတာကို အသုံးမပြုရသော လုပ်ငန်းဆိုသည်မှာ မရှိသလောက်ဖြစ်နေသောကြောင့် လေ့လာဖြေဆိုသင့်သော စာမေးပွဲဖြစ်တယ်လို့ ကျနော်ထင်မိပါတယ်။

ဝင်ရောက်ဖြေဆိုရန်အတွက်လေ့လာရန်ကတော့ သိပ်အခက်ကြီးမဟုတ်ဘူးလို့ ထင်မိပါတယ်။ ဂျပန်စာအခေါ်အသုံးအနှုန်းလေးသာ လေ့လာလိုက်မည်ဆိုပါက အချိန်တိုအတွင်းမှာ ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်နော်။

ကွန်ပျူတာစကားလုံးများသည် ဂျပန်စာစစ်စစ်များလည်းရှိသလို ကျနော်တို့နဂိုသိရှိပြီးသားအင်္ဂလိပ်စာကို ဂျပန်အသံထွက်နှင့်အသုံးပြုထားသော စကားလုံးများလည်းရှိပါတယ်။ ဥပမာ-File ကို ファイル、design ကိုデザインဆိုသလိုမျိုးပေါ့နော်။

စာမေးပွဲကတော့ တစ်နှစ်ပတ်လုံးဖြေဆိုနိုင်ပါတယ်။ မိမိဖြေဆိုချင်သောစာမေးပွဲကို တစ်ပတ်ကြိုတင်၍ အင်တာနက်မှ ဖောင်တင်ရုံဖြင့် ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ စာမေးပွဲကြေးကတော့ နည်းနည်းတော့ စျေးကြီးပါတယ် Word ၁၂ဝဝဝယန်း လောက် & Excel ကလည်း ၁၂၀၀၀ ယန်းလောက်ပါပဲ။ အကယ်၍မိမိကျောင်းမှ တင်ပေးမည်ဆိုပါက ကျောင်းသားလျှော့စျေးရှိပါသဖြင့် သာမန်ဖြေဆိုသူများထက် ၂ဝဝဝမှ ၂၅ဝဝလောက် စျေးသက်သာနိုင်ပါတယ်။


(2) IT PASSPORT

IT・コンピュータ( 基本情報技術者) နဲ့ IT・コンピュータ IT Passport

ကတော့ IT ကိုလေ့လာနေကြသော ကျောင်းသားများဖြေဆိုကြသောစာမေးပွဲဖြစ်ပါတယ်။

IT သမားများလည်း မိမိကျောင်းမှရရှိသော ဘွဲ့လက်မှတ်တစ်ခုသာလျင်ရှိပါက အလုပ်လျှောက်ထားရာတွင် အနည်းငယ် အခက်အခဲရှိနိုင်ပါတယ်။ မိမိလေ့လာနေသောဘာသာရပ်နှင့်သက်ဆိုင်သော အောင်လက်မှတ်များကို ဆရာများနှင့်တိုင်ပင်ပြီး ဖြေဆိုရယူထားကြပါနော်။ IT သမားများအနေဖြင့်နောက်တစ်ခုအကြံပြုချင်တာက မိမိလေ့လာနေသော ဘာသာရပ်နှင့်သက်ဆိုင်သောအရာတစ်ခုလောက်ကိုယ်ပိုင်စိတ်ကူးနဲ့ လုပ်ဆောင်ထားပြီးအလုပ်လျှောက်ထားရာအတွက်ပြင်ဆင်ထားပါက အလုပ်လျှောက်ထားရာတွင်ပိုမိုအဆင်ပြေမည်လို့ သူငယ်ချင်းများပြောပြချက်အရသိရှိထားရပါတယ်။

ဥပမာ-ကိုယ်ပိုင်ဖန်တီးထားတဲ့ Android Phone Application၊ Web Designer လုပ်ချင်သူများအနေဖြင့် ကိုယ်ပိုင်စိတ်ကူးနဲ့ဖန်တီးထားသော Web Page စသည်ဖြင့် ပြသနိုင်ပါက အင်တာဗျူးတွင် အမေးခံရသောအခါ ပြသနိုင်ပြီး ဖြေဆိုအောင်မြင်နိုင်မည်လို့ ထင်ပါတယ်။

ဂျပန်နိုင်ငံတွင် ဆန်းမွန်းကျောင်း၊တက္ကသိုလ်တက်ပြီး ဘွဲ့ရပါက သူတို့အခေါ်  単位(たんい)ခရက်ဒစ် ဘယ်နှစ်ခုရတယ်၊ မိမိကျောင်းတွင် မည်သည့်ဘာသာရပ်များကို သင်ယူခဲ့တယ်ဆိုတာအလိုက် အလုပ်လျှောက်ထားနိုင်ပါတယ်။

မိမိအဓိက လုပ်ကိုင်လိုသော အလုပ်အမျိုးအစားနှင့်အလုပ်နေရာကို လုပ်ကိုင်နိုင်ရန်အတွက် ထိုအလုပ်တွင်လိုအပ်သော အောင်လက်မှတ်ကိုယူထားရင် အဆင်ပြေမှာပါ။ ဒါကြောင့် စီးပွားရေးကျောင်းတက်သူများသည်လည်း စီးပွားရေးမေဂျာနှင့် သက်ဆိုင်သောဘာသာရပ်များထဲမှ မိမိလုပ်ကိုင်လိုသော ဘာသာရပ်နှင့်သက်ဆိုင်သော လက်မှတ်များကိုယူထားသင့်ပါတယ်။

ဥပမာ-Marketing နဲ့သက်ဆိုင်သောလက်မှတ်၊Management နဲ့သက်ဆိုင်သောလက်မှတ်များ၊Trading နဲ့သက်ဆိုင်သောလက်မှတ်များ၊ဂျပန်မှာဆိုလျင်တော့ Zeikin လို့ခေါ်တဲ့အခွန်တွက်သော အောင်လက်မှတ်
簿記(ぼき)လက်မှတ်ကတော့ စီးပွားရေးလုပ်ကိုင်လိုသူများလည်း လေ့လာထားသင့်သော အရေးပါလှတဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။ ကျောင်းကဆရာများစကားအရသော Maker Company တွေမှာဝင်ရောက်အလုပ်လုပ်ကိုင်လိုသူတွေကတော့ အနည်းဆုံး Level 2 အထိအောင်အောင်ကြိုးစားကြပါလို့တိုက်တွန်းပါတယ်။

မိမိတက်ရောက်နေသောကျောင်းမှဆရာများနှင့် တိုင်ပင်ဆွေးနွေးပြီး မည်သည့်စာမေးပွဲကမိမိနှင့်သင့်တော်သည်ကို ဆုံးဖြတ်၍ ကြိုးစားဖြေဆို၍ အောင်လက်မှတ်များကို တတ်နိုင်သလောက်ကြိုးစားသင်ယူကြပါနော်။

ထို့အတူ  နောက်တစ်ပတ်မှာတော့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်တာလေးတွေ တင်ပြပေးသွားပါမယ်နော်။ သူငယ်ချင်းအစ်ကိုအမတိုအားလုံးလည်း အလုပ်အကိုင်ကောင်းတွေကိုယ်စီရရှိကြပါစေနော်။
Fighting all of my Friends!
Let’s try together!
We are Myanmar!

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀