ဂျပန်နိုင်ငံတွင် သင်ယူဖြေဆိုနိုင်သော (Certificate) လက်မှတ်များအကြောင်း(၄)

【Unicode】⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ကျနော်ဒီတစ်ပတ်ပြောပြချင်တဲ့လက်မှတ်တွေအကြောင်းကတော့ ဂျပန်ကုမ္ပဏီတွင်သာမက မည်သည့်ကုမ္ပဏီတွင်မဆို လျှောက်ထားရာမှာ အသုံးဝင်နိုင်တဲ့

▲ အတွင်းရေးမှူး(Secretary) လက်မှတ်(秘書検定対策講座:ひしょけんていたいさくこうざ)နဲ့
▲ Hotel Business(ホテルビジネス実務検定)လက်မှတ်လေးတွေ အကြောင်း
ပြောပြပါရစေနော်။

Secretary

အရင်ဆုံးအတွင်းရေးမှူး(Secretary)အောင်လက်မှတ်လေးအကြောင်း

ဒီလက်မှတ်လေးကတော့ ဂျပန်နိုင်ငံ၏ လူ့အဖွဲ့အစည်းတွင် သိထားသင့်တဲ့ အရည်အချင်းများ၊ တာဝန်ထမ်းဆောင်ရမယ့် အလုပ်အတွက်လိုအပ်သော အသိပညာနှင့် အမူအကျင့်များ၊ ဧည့်သည်နှင့် ပြောဆိုဆက်ဆံပုံများကို လေ့လာသင်ယူပြီး ဖြေဆိုရတဲ့စာမေးပွဲလေးဖြစ်ပါတယ်။
Level (2,3) စသည်ဖြင့် အဆင့်ဆင့်ဖြေဆိုရပါတယ်။

⇒အထောက်အကူဖြစ်တဲ့ အလုပ်က  အတွင်းရေးမှူး

ဒီလက်မှတ်ကတော့ အဓိကအားဖြင့် ကုမ္ပဏီရဲ့သူဌေးအနားမှာနေပြီး သူဌေးရဲ့လက်ထောက်အနေဖြင့်လုပ်ကိုင်ရသည့်အလုပ်မှာ အသုံးဝင်မှာ ဖြစ်ပါတယ်။ မိန်းကလေးတွေ ပိုစိတ်ဝင်စားတဲ့အပိုင်း ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ယောက်ျားလေးတွေလည်း စိတ်ဝင်စား၍ ဖြေဆိုလာကြတာကိုတွေ့ရပါတယ်။ သူဌေးလက်ထောက်ဆိုသည့်အတိုင်းပဲ သူဌေးကိုတွေ့ဖို့လာတဲ့ဧည့်သည်တွေကို ဧည့်ခံရပါတယ်။ သူဌေးဆီကို ဆက်လာတဲ့ဖုန်းတွေကိုလည်း ဒိုင်ခံဖြေကြားပေးရပါတယ်။စီးပွားရေးဆိုင်ရာဗဟုသုတ၊business mannerစသည်တို့ကို သိထားရပြီး၊

သူဌေးရဲ့တစ်နေ့တာ လုပ်ဆောင်ရမည့်အချက်အလက်များကို မှတ်သား၍ သူဌေးအားနေ့စဉ်တင်ပြရခြင်း၊ သူဌေးနှင့် တွေ့မည့်သူစာရင်းကို သေချာစွာ နေ့ရက်အချိန် နှင့် မည်သူမည်ဝါက မည်သည့်အကြောင်းအရင်းဖြင့် သူဌေးနှင့်တွေ့ဆုံမည် စသည့်အသေးစိတ်အချက်အလက်များမှ အစမှတ်သားထားရပါတယ်။

⇒ဒါဆိုရင် အတွင်းရေးမှူးလေ့လာထားရမှာက ဘာတွေလဲ။

အဓိကကတော့ ဧည့်သည်လာလျင် နှုတ်ခွန်းဆက်ခြင်း၊နှင့် စကားပြောဆိုသည့်အခါ ယဉ်ကျေးသော စကားများကို သုံးနှုန်းတတ်ခြင်း နှင့်ဧည့်ခံတတ်ခြင်းတို့ကတော့ အဓိက ဖြစ်လိမ့်မည်လို့ ကျနော်ယူဆမိပါတယ်။ သူငယ်ချင်းတို့ နှင့် ကျနော်က အခုလောလောဆယ်မှာတော့ ဂျပန်ကိုစိတ်ဝင်စားတဲ့သူတွေနဲ့ ဂျပန်ကုမ္ပဏီများတွင်အလုပ်လုပ်ချင်သူများ ဖြစ်ကြမယ်လို့ထင်ပါတယ်။
ဒီတော့ ဂျပန်နိုင်ငံမှာ သင်ယူလေ့လာဖြေဆိုနိုင်တဲ့ အတွင်းရေးမှူးစာမေးပွဲကလည်း ဂျပန်လူမျိုးတို့၏ ကုမ္ပဏီတွင် ပြောဆိုသော ယဉ်ကျေးသော ဂျပန်စာအသုံးအနှုန်းများနှင့် အပြုအမူတို့ကို အဓိကထားသင်ယူကြရတာပါ။ ဒါကြောင့် ဒီစာမေးပွဲသည် အတွင်းရေးမှူးဖြစ်ချင်သူသာမက သာမန်ကုမ္ပဏီဝန်ထမ်း၊ မိမိကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်လိုသူများလည်း လေ့လာထားသင့်သော ဘာသာရပ်တစ်ခုလို့ ထင်မိပါတယ်။


Hotel Business

နောက်တစ်ခုကတော့ Hotel Business ဆိုတဲ့လက်မှတ်လေးအကြောင်းလေးပါ။

ဒီလက်မှတ်လေးကတော့ ကျောင်းတွေမှာသင်ပြီး ဝင်ရောက်ဖြေဆိုသူများတာကတော့ Basic Level 2 & Level 3 ပဲဖြစ်ပါတယ်။ ဒီဘာသာရပ်စာမေးပွဲလေးကတော့ ဟိုတယ်များတွင်တာဝန်ထမ်းဆောင်လိုသူများ ဝင်ရောက်ဖြေဆိုထားသင့်တဲ့စာမေးပွဲလေးပဲဖြစ်ပါတယ်။

⇒ဖြေဆိုနိုင်သူ

ဂျပန်နိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဆန်းမွန်း(အသက်မွေးဝမ်းကြောင်း)၊
တက္ကသိုလ်တက်နေသော ကျောင်းသားကျောင်းသူများ
စီးပွားရေးကျောင်းတက်နေသူများပါ လျှောက်ထားနိုင်ပါတယ်။

⇒ဒီစာမေးပွဲက ဘာတွေ အထောက်အကူဖြစ်မလဲ

ဟိုတယ်တွင်တာဝန်ထမ်းဆောင်လိုသူများအနေဖြင့် အဓိကကတော့ TOEIC အမှတ်ကောင်းဖို့နဲ့ ဘယ်လိုနည်းနဲ့မှ အင်္ဂလိပ်စာအမှတ်မကောင်းနိုင်ရင်တော့ ဒီစာမေးပွဲလေးဖြေပြီး လက်မှတ်လေးယူထားတာအကောင်းဆုံးဖြစ်မယ်လို့ထင်မိပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့ကျောင်းသားတော်တော်များများက ဟိုတယ်မှာလုပ်ချင်ပေမယ့် ဟိုတယ်နှင့်စိမ်းပါတယ်။ ဒါကြောင့်ဟိုတယ်ဝန်ထမ်းဆိုသည်မှာ မည်သည့်အလုပ်မျိုးလုပ်ရမည်ကို သေသေချာချာမသိကြသူများပါတယ်။
ဒါကြောင့်အင်တာဗျူးတွင် မိမိကိုယ်မိတ်ဆက်တဲ့အခါမှာ မိမိဘယ်လိုလူမျိုးပါလို့ပြောသည့်အကြောင်းအရာတွင် ဟိုတယ်ဝန်ထမ်းတွင်ရှိသင့်သော အရာများကို သေသေချာချာမိမိအားသာချက်အနေဖြင့်မပြောနိုင်ပါက အားနည်းချက်ဖြစ်ပါလိမ့်မည်။

နောက်တစ်ခုက “ဟိုတယ်ဝန်ထမ်းက ဘာတွေလုပ်ရသလဲ” မင်းသိသလောက်ပြောပြပါလို့ပြောသည့်အခါ သင်ထားဖူးခြင်းမရှိပါက သေချာမသိ၍ ရှင်းမပြနိုင်ကြပါ။ နောက်တစ်ခုက မိမိတက်ရောက်နေသောကျောင်းသည် ဟိုတယ်နှင့် မသက်ဆိုင်ပါက ဟိုတယ်နှင့်ပတ်သက်သော လက်မှတ်ကလေးပြနိုင်ပါက ဟိုတယ်ကျောင်းမဟုတ်ပေမယ့် ကျောင်းမှာလေ့လာသင်ယူပြီး ဖြေဆိုအောင်မြင်ထားပါတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

⇒ဝန်ထမ်းခေါ်ယူမှုများလာတဲ့ ဂျပန်ခရီးသွားလာရေးလုပ်ငန်း

၂၀၂ဝခုနှစ်တွင် ဂျပန်နိုင်ငံတွင် အိုလံပစ်အားကစားပွဲတော်ကို အမှီပြု၍ ယခုနှစ်များအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို အလွန်တိုးချဲ့လုပ်ဆောင်နေကြပါတယ်။ ဂျပန်နိုင်ငံအစိုးရကလည်း နိုင်ငံကို ခရီးသွားနိုင်ငံဖြစ်ဖို့ လူအင်အားငွေအင်အားဖြင့် အင်တိုက်အားတိုက်ကြိုးစားနေပါတယ်။
ဒါအပြင် ခရီးသွားလုပ်ငန်းတွင် အင်အားစိုက်ထုတ်သည်ဆိုသည်မှာ နယ်ဒေသများတွင် လုပ်ငန်းများတို့ချဲ့ခြင်း (チホウビジネス)အားကောင်းလာပါမည်။ အဘယ့်ကြောင့်ဆိုသော် ခရီးသွားလည်ပတ်ရန်နေရာများသည် တိုကျိုထက်နယ်များသည်ပိုမိုလှပ၍ လည်ပတ်စရာနေရာအလွန်များသောကြောင့်ဖြစ်ပါတယ်။
ဂျပန်အစိုးရက မြို့ပြတွင်နေထိုင်သူများ၍ နယ်များတွင်လူဦးရေတဟုန်ထိုးလျော့ပါးနေသည်ကို ပြန်လည်ပြုပြင်နေပါတယ်။ ဒါကြောင့် ခရီးသွားများကိုလည်းနယ်မြို့များသို့အဓိကဦးတည်နေသည်ဟုထင်မိပါတယ်။
ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်သောသူများ ဟိုတယ်များ၊ နိုင်ငံခြားသားဗဟိုပြု စားသောက်ဆိုင်များနှင့် လက်ဆောင်ပစ္စည်းဆိုင်များတွင် အလုပ်လျှောက်ထားလိုသူများလည်း ဒီလက်မှတ်လေးကို သင်ယူလေ့လာပြီး စာမေးပွဲဝင်ဖြေထားသင့်တယ်လို့ အကြံပေးပါရစေနော်။

Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀