ခရီးသွားလုပ်ငန်းအကြောင်း(၁)

【Unicode】⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ဒီတစ်ခါတော့
ခရီးစဉ်လမ်းညွှန်လက်မှတ် Tour Conductor
(総合旅程管理主任者:そうごうりょていかんりしゅにんしゃ)အကြောင်းဖြစ်ပါတယ်။ Tour Guide လက်မှတ်မဟုတ်ပါဘူးနော်။

ဒီလက်မှတ်ကတော့ ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်းလိုင်စင်လျှောက်ထားလိုသူများနှင့် ခရီးသွားကုမ္ပဏီများတွင်လုပ်ငန်းလုပ်ဆောင်လိုသူများ လေ့လာဖြေဆိုထားသင့်သော စာမေးပွဲလေးဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်ပြီး ဂျပန်အစိုးရကသတ်မှတ်ထားတာတွေကတော့ တစ်စုံတစ်ဦးထံမှ အခကြေးငွေယူပြီး လေယာဉ်၊ကား စသည့်လက်မှတ်ဝယ်ယူပေးခြင်း၊ ဟိုတယ်ဘွတ်ကင်တင်ပေးခြင်းစသည်တို့သည်လည်း လိုင်စင်မရှိဘဲလုပ်ဆောင်ပါက ဥပဒေနှင့် မညီသောလုပ်ရပ်ဖြစ်ပါတယ်။


ဘာတွေသင်ယူရလဲဆိုရင်

■ ဂျပန်နိုင်ငံအစိုးရက ပြဌာန်းထားတဲ့ ခရီးသွားဥပဒေများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ
■ ခရီးသွားလုပ်ငန်းလိုင်စင်လျှောက်ထားလျှင်လိုအပ်သော စာရွက်စာတမ်းများ

စသည်ဖြင့်ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်သော အမျိုးအမျိုးသောအကြောင်းအရာများကို လက်တွေ့+စာတွေ့ လေ့လာသင်ယူ၍ဖြေဆိုရသော စာမေးပွဲဖြစ်ပါတယ်။

ဒီစာမေးပွဲလေးကတော့ သင်ယူလေ့လာ၍ စာမေးပွဲအောင်မြင်ပါက လက်တွေ့လေ့လာရေးခရီးထွက်ရပါတယ်။

စာတွေ့လက်တွေ့အားလုံးသင်ယူပြီးမြောက်ပြီး အမှတ်၆၀အထက် ရရှိမှသာ အောင်လက်မှတ်ရရှိမှာဖြစ်ပါတယ်။


လက်မှတ်ရရှိနိုင်သောသူ

(၁)ဂျပန်နိုင်ငံခရီးသွားဝန်ကြီးဌာနခွင့်ပြုချက်ရရှိထားသော အဖွဲ့အစည်းမှ ကျင်းပတဲ့ Tour Conductor လေ့ကျင့်ရေးအောင်မြင်ထားသူ
(၂)ခရီးသွားလုပ်ငန်းဥပဒေအရ သတ်မှတ်ထားတဲ့ ခရီးသွားဦးရေနှင့်အတူ ခရီးစဉ်အတွေ့အကြုံရှိသူ
(၃)ခရီးသွားကုမ္ပဏီ သို့ ခရီးသွားအဖွဲ့အစည်း၊စေလွှတ်ဝန်ထမ်းကုမ္ပဏီ အဖွဲ့ဝင်ထားသူ

ကျနော်ကိုယ်တိုင်လည်းယခုစတင်သင်ယူလေ့လာနေသဖြင့် အသေးစိတ် ကျနော်သိသလောက်ဝေမျှပါရစေနော်။

ဖြေဆိုရာ​တွင် မေးမြန်းလေ့ရှိသော နယ်ပယ်

• ခရီးသွားဥပဒေ
( နိုင်ငံနှင့် ခရီးသွားကုမ္ပဏီများ၏ကတိစကားများ)

• Terms & Conditions
(ခရီးသွားလုပ်ငန်းနှင့် ဧည့်သည်ကြားကတိစကားများ၊စရန်ငွေနှင့် လက်မှတ်ဝယ်သောအခါ ဘောင်ချာတွင်ရေးထားသော အကြောင်းအရာများ
ဥပမာ- ခရီးစဉ်ပျက်ကွက်ပါက ပေးထားသော စရံငွေဆုံးမည်။ ခရီးသွားလုပ်ငန်းဘက်မှ ရာသီဥတုခြေအနေကြောင့် ခရီးစဉ်ရပ်ဆိုင်းပါက ရက်အစားထိုးရွေ့ပေးပါမည်။)

•လက်တွေ့ ခရီးစဉ်လမ်းညွှန်ခြင်း
ပါဝင်ပါတယ်။


ခရီးသွားလုပ်ငန်း အဓိကအားဖြင့် ၂မျိုးခွဲထားပါတယ်။
(1) Planning Trip
(2) Arrangement Trip တို့ဖြစ်ပါတယ်။

– Planning Trip မှာတော့ အေးဂျင့်က စီစဉ်ထားတဲ့ခရီးကို ကြော်ငြာပြီး ခရီးသွားဧည့်သည်ရှာခြင်းနှင့် အုပ်စုလိုက်သီးသန့်တောင်းဆိုမှုကိုစီစဉ်ပေးသော ခရီးစဉ် ဟူ၍ ၂မျိုး ပြန်လည်ခွဲထားပါတယ်။

Planning Trip ကို ထပ်ပြီး အုပ်စုခွဲထားပါတယ်။
• အုပ်စု၁ –  လုပ်ငန်းလိုင်စင်ကတော့ ပြည်တွင်းပြည်ပ ခရီးစဉ်ရေးဆွဲ၍ ခရီးသွားဧည့်သည်ရှာခြင်း၊ ပြည်တွင်းပြည်ပ ဧည်သည်တောင်းဆိုမှုခရီးစဉ်ကို လက်ခံဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်နိုင်ပါတယ်။
• အုပ်စု၂ –  ပြည်ပခရီးစဉ်ရေးဆွဲကြေငြာခွင့်မရှိ ကျန်တာအကုန်အုပ်စု၁အတိုင်းလုပ်လို့ရပါတယ်။
• အုပ်စု၃ –  ပြည်ပခရီးစဉ်ရေးဆွဲကြေငြာခွင့်မရှိ ပြည်တွင်းခရီးစဉ်ကတော့ ရတာရောမရတာပါရှိပါတယ်။ ကျန်တာကတော့ အပေါ်ကအတိုင်းပါပဲ။

– Arrangement Trip ကတော့ ခရီးသွားလိုသူများကို ဟိုတယ်ဘွတ်ကင်တင်ပေးခြင်း၊ လက်မှတ်များဝယ်ပေးခြင်း စသည်တို့ကိုလုပ်ဆောင်ပါတယ်။


ကန့်သတ်လိုင်စင်ရှိပါသေးတယ်။
• Knowledge Limited လို့ခေါ်တဲ့ လိုင်စင်နှင့်
• ခရီးသွားကိုယ်စားလှယ် လို့ခေါ်တဲ့လိုင်စင်၂မျိုးကတော့ မိမိဘာသာ ခရီးစဉ်လုပ်လို့မရပါ။

အထက်ပါ အုပ်စု၃စုရဲ့လက်အောက်ခံ အေဂျင်စီအနေနဲ့လုပ်ငန်းလုပ်ဆောင်လို့ရတဲ့ လိုင်စင်ပါ။ မိမိလက်တွဲလုပ်ဆောင်မည့် ရုံးချုပ်ကုမ္ပဏီက တစ်ခုနဲ့ပဲအလုပ်လုပ်လို့ရပါတယ်။
ဥပမာ-A ခရီးသွားအေဂျင်စီက Bခရီးသွားကုမ္ပဏီရဲ့လက်အောက်ခံဖြစ်ပါက၊ အခြား C ခရီးသွားကုမ္ပဏီရဲ့လက်အောက်ခံလုပ်၍မရပါ။


ဒါ့အပြင် အောက်ပါ အချက်များနှင့် ကိုက်ညီနေပါက လိုင်စင်လျှောက်ထားလို့မရနိုင်ပါ။

၁။ လိုင်စင်လျှောက်ထားခြင်းတစ်ကြိမ်အငြင်းခံထားရပါက နောက်၅နှစ်ကျော်မှသာလျှင်
နောက်တစ်ကြိမ်ထပ်မံလျှောက်ခွင့်ရှိပါတယ်။

၂။ ထောင်ကျဖူးသူ၊တရားရင်ဆိုင်ဖူးသူများလည်း အမှုမှ ကွင်းလုံးကျွတ်လွတ်ပြီး ၅နှစ်ကျော်မှသာလျင် လျှောက်ခွင့်ရှိပါတယ်။

၃။ အနိုင့်ထက်စီးနင်းလုပ်သူများအသင်းအဖွဲ့၊terrorist အဖွဲ့တွင်ပါဝင်ဖူးသူဖြစ်ပါက အဖွဲ့မှနှုတ်ထွက်ထားသည်ကို သက်သေပြနိုင်သည်မှစ၍ ၅နှစ်ကျော်မှသာလျင် လျှောက်ခွင့်ရှိပါတယ်။

၄။ စာရွက်စာတမ်းအတုပြုထားခြင်းစစ်ဆေးတွေ့ရှိရပါက နောက်၅နှစ်ကျော်မှသာလျင် ထပ်မံလျှောက်ထားခွင့်ရှိပါတယ်။

၅။ ခရီးသွားလုပ်ငန်းလုပ်ငန်းလုပ်ပိုင်ခွင့်မရှိသော အသက်မပြည့်သေးသူဖြစ်ပြီး၊လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းမရှိ၊ အာမခံကိုယ်စားလှယ်မရှိသူ။

၆။ စိတ်ပိုင်းဆိုင်ရာနာမကျန်းခြင်းကြောင့် မိသားစုထံမှီခိုစောင့်ရှောက်ခံနေရမည်ဟု တရားရုံးမှ တရားဝင် ချမှတ်ခံထားရသူ လျှောက်ထားခွင့်မရှိ။

၇။ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်သည်လည်း ပစ်မှုတစ်စုံတစ်ရာကျူးလွန်ဖူးခြင်းမရှိရပါ။

၈။ အနိုင့်ထက်စီးနင်းလုပ်သူများအသင်းအဖွဲ့ကို အားပေးကူညီဖူးသူမဖြစ်ရ။

၉။ ကုမ္ပဏီဆိုင်ခွဲတိုင်းတွင် တာဝန်ထမ်းဆောင်သူ တစ်ဦးထက်ပိုရှိရပါမည်။

၁၀။ ခရီးသွားလုပ်ငန်းကို စီမံလုပ်ကိုင်မည့်သူဖြစ်ပြီး၊ Planning Tripနှင့်သက်ဆိုင်သော ခရီးစဉ်အတွက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအမိန့်နှင့် ကန့်သတ်ထားသော အချက်တွေနှင့် မကိုက်ညီသောသူ

၁၁။ လက်အောက်ခံအေဂျင်စီဖြစ်ပါက မိမိလက်တွဲလုပ်ဆောင်မည့် ကုမ္ပဏီ၂ခုအထက်ရှိသူ။

ကျနော်ဒီအထိရေးသားထားတာကတော့ ခရီးသွားလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် ဂျပန်နိုင်ငံအစိုးရကချမှတ်ထားတဲ့ဥပဒေနဲ့ လုပ်ငန်းလိုင်စင်လျှောက်ထားရန်လိုအပ်ချက်များဖြစ်ပါတယ်။

ဆက်လက်ရေးသားပါဦးမည်။ အားလုံးအမှားပါခဲ့လျင်လည်းအမှန်ပြင်ပေးကြပါဦးနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀