【Unicode】

မင်္ဂလာပါရှင်

ဒီနေ့ပြောပြမယ့် အကြောင်းအရာလေးကတော့ ဂျပန်နိုင်ငံကုမ္ပဏီဝန်ထမ်းရဲ့ အလုပ်၊ဝင်ငွေနှင့် အားလပ်ရက်အကြောင်း တစ်စေ့တစောင်း။

ဂျပန်နိုင်ငံမလာခင် ကြိုတင်သိမှတ်စရာလေး ဖြစ်မယ်ထင်လို့ တင်လိုက်ရပါတယ်။

အရင်ဆုံး လစာအကြောင်းလေးပြောပြချင်ပါတယ်။

 

လစာက ဘယ်လောက်လဲ။

ဂျပန်မှာ အလုပ်ဝင်မယ်ဆိုလျှင် ဂျပန်ဘာသာအရည်အချင်းကိုဦးစားပေးကြည့်လေ့ရှိပါတယ်။ ကုမ္ပဏီတွေကတော့ N3, N2အဆင့် တတ်ကျွမ်းသူကိုပဲ ခန့်အပ်တာ များပါတယ်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT N2ရရှိထားသူကတော့ လစာ ယန်း ၁သိန်း၈သောင်းကနေ စရပြီး ၊ N1ဆိုရင်တော့ ယန်း၂သိန်း ကနေစတင် ရရှိပါတယ်။

မိမိရရှိတဲ့ လစာထဲမှ အခွန်ငွေ၊ကျန်းမာရေးအာမခံ၊ပင်စင်ကြေး၊အလုပ်သမားအာမခံ စတာတွေ ပေးဆောင်ရပါတယ်။

လစာ ယန်း ၁သိန်း၈သောင်း ရရှိတဲ့သူဆို အခွန်၊အာမခံပေးချေပြီး လက်ထဲရရှိတာကတော့၁သိန်း၄သောင်းခွဲလောက်ပါ။

手取り(てどり)လက်ထဲရရှိငွေပေါ့။

ပုံလေးနဲ့ ယှဉ်ပြပေးသွားပါမယ်။

လစာ ဝင်ငွေ¥ရရှိငွေ
(အခွန်၊အာမခံ၊ပင်စင်ကြေး ပေးသွင်းပြီး)
၁သိန်း၅သောင်း¥127,000
၁သိန်း၈သောင်း¥150,000
၂သိန်း¥165,000
၂သိန်း၂သောင်း¥181,000
၂သိန်း၅သောင်း¥203,000
၂သိန်း၈သောင်း¥227,000
၃သိန်း¥242,000
၃သိန်းခွဲ¥279,000
၎သိန်း¥317,000

ယန်း၂သိန်း လစာဖြစ်လျှင် လက်ထဲရောက်လာမှာက ၁၆ခွဲလောက်ဖြစ်ပါတယ်။

၃သောင်းခွဲလောက် က ဘယ်ရောက်သွားတာလဲ လို့ မေးစရာရှိပါတယ်။

အခွန်တစ်မျိုးတည်းနဲ့ ယန်း၃သောင်းကျော် ဖြတ်ခံရတာမဟုတ်ပါဘူး။အထဲမှာ ကျန်းမာရေးအာမခံ၊ပင်စင်စသဖြင့် ပါဝင်ပါတယ်။ ပိုက်ဆံလုံးဝဆုံးတာ မဟုတ်ဘူး လို့ပြောရပါမယ်။ အလုပ်ပင်စင်ကြေးကတော့ မိမိတိုင်းပြည်ပြန်တဲ့အခါ ပြန်လည်ထုတ်ယူနိုင်ပြီး၊ နေထိုင်ရာဒေသမှ ပင်စင်ရုံးခန်း၌ ပင်စင်ငွေ ပြန်လည်ထုတ်ယူခွင့် စာရွက်စာတမ်းများနှင့် လျှောက်ထားနုုိင်ပါတယ်။ ကျန်းမာရေးအာမခံကြေးကတော့ နေမကောင်းဖြစ်လို့ဆေးခန်းပြတဲ့အခါ သုံးနိုင်ပြီး ကျသင့်ငွေရဲ့ ၃ဝရာခိုင်နှုန်းကိုပဲထပ်ပေးချေရပါတယ် ။လစာငွေထဲကနေ အခွန်အခပေးဆောင်ရပေမဲ့ တကယ်နေမကောင်းဖြစ်တဲ့အခါမှာ ငွေသိပ်မကုန်ပါဘူး။

ဖျားလို့ ဆေးခန်းသွားပြတဲ့အခါ စုစုပေါင်း ယန်း၁သောင်း ကျသင့်တယ်ဆိုရင် ယန်း၃ဝဝဝပဲ ပေးချေရပါတတယ်။ဆေးဝယ်တဲ့အခါလည်း ၃ဝရာခိုင်နှုန်းပဲ ပေးချေရပါတယ်။

လစာအလိုက် ဆောင်ရမယ့် အခွန်အခ၊အာမခံကြေးကွာခြားပြီး

လစဉ် အခွန်နှင့်အာမခံ ပင်စင်ကြေးနှုတ်ပြီးသား ငွေပမာဏကိုသာ ကုမ္ပဏီဘက်မှ ကိုယ့်ဘဏ်ထဲ လွှဲပေးပါတယ်။ကိုယ်တိုင်သွားချေစရာတော့ မလိုပါဘူး။

 

အလုပ်ချိန်က ဘယ်လိုလဲ။

နောက်ထပ်ပြောပြသွားမှာကတော့ အလုပ်လုပ်ချိန်အကြောင်းပါ။

ဂျပန်နိင်ငံအလုပ်သမားစံချိန်စံညွှန်းဥပဒေအရ တစ်ရက်ကို အလုပ်လုပ်ချိ်န်၈နာရီ ဖြစ်ပြီး တစ်ပတ်အတွက် နာရီ၄ဝ အောက်ဖြစ်ပါတယ်။ သတ်မှတ်ချိန်ထက်ပိုမို လုပ်ကိုင်စေလျှင် အလုပ်သမားစီမံခန့်ခွဲမှုစာချုပ် ထပ်မံ ချုပ်ဆိုပါတယ်။ အချိန်ပို ဆင်းရပါက လုပ်အားခရဲ့ ၂၅%ကို အချိန်ပိုကြေးအဖြစ် ရရှိတာလည်း ရှိပါတယ်။

တစ်ပတ်ပိတ်ရက် ၂ရက် သို့မဟုတ် ၁ရက်ပဲ ထားတာလည်းရှိပါတယ်။တစ်ရက်ပဲ ပိတ်တာကတော့ ၆ရက်အလုပ်လုပ်ပြီး တစ်ရက်ကို အလုပ်လုပ်ချိန် ၆နာရီ ၄ဝမိနစ်ခန့် သို့မဟုတ် ၆ရက်မှာ ၅ရက်က ရနာရီ နှင့် ကျန် တစ်ရက်က ၅နာရီ ဆိုပြီး အလုပ်ချိန်ခွဲခြားတာလည်း ရှိပါတယ်။

ဒါတင်မကသေးပါဘူး….

အလုပ်ချိန် မည်သည့်အချိန်မဆို အလုပ်လုပ်နိုင်တဲ့ flextime system (modified working schedule system) ဆိုတာလည်း ရှိပါသေးတယ်။

မိမိရဲ့အလုပ်ချိန်ကို ကုမ္ပဏီဘက်မှ ရွေးချယ်စေပြီး

ဥပမာ –

8AM ~ 5PM

9AM ~ 6PM

10AM ~ 7PM

( အတွင်းနားချိန် မိနစ်၆ဝ) ဆိုပြီး အမျိုးမျိုးပါပဲ။

Core time (မဖြစ်မနေ ဝင်ရမယ့် အလုပ်ချိန်) သတ်မှတ်ထားတာလည်း တွေ့ရပါသေးတယ်။ သတ်မှတ်ထားပြီး ကျန်တဲ့ ကြိုက်တဲ့အချိန် အလုပ်ဆင်းနိုင်ပါတယ်။

ဂျပန်ကုမ္ပဏီတော်တော်များများကတော့ Flextime system ကို အသုံးပြုကြပါတယ် ။

၁ဝနာရီမှာ အလုပ်စရင် အလုပ်ဆင်းချိန်က ညနေရနာရီဖြစ်ပါတယ်။ (အလုပ်ချိန်၈နာရီ + နားချိန်၁နာရီ)

နောက်တစ်မျိုးကတော့ တစ်နှစ်တာအတွင်း စိတ်ကြိုက်အချိန်အလုပ်လုပ်နိုင်တဲ့ စနစ်ပါ ။ ၆ရက်ဆက်တိုက် အလုပ်ဝင်ထားရင် မဖြစ်မနေ ၁ရက်တော့နားရက်ယူရပြီး (ည၁ဝနာရီမှမနက်၅နာရီ)မှလွဲ၍ ကျန်အချိန်တွင်စိတ်ကြိုက်အလုပ်လုပ်နိုင်ပါတယ်။ မိမိိဝါသနာနှင့် မိသားစုအပေါ် အချိန်ပေးချင်သူများအတွက် အကောင်းဆုံး စနစ်ပါပဲ။

ကျွန်မအလုပ်လုပ်တဲ့ ကုမ္ပဏီကလည်း ဒီစနစ်ကို အသုံးပြုထားပါတယ်။ တစ်လကို အလုပ်လုပ်ချိန် နာရီပေါင်း၁၆ဝနာရီ ပြည့်ပါက ဘယ်ရက်အလုပ်လုပ်ပါစေ အဆင်ပြေပါတယ်။ (၁ရက် ၈နာရီ  x  ရက်၂ဝစာ = ၁၆ဝနာရီ)

စနေ တနင်္ဂနွေအလုပ်လုပ်ပြီး၊ ရိုးရိုးရက် နားလို့လည်း ရပါတယ်။ညတော့ မလုပ်ရဘူးပေါ့နော်။

မိမိရဲ့အလုပ်ချိန်ကို သီတင်းပတ်၂ပတ်ကြိုတင်ကာ အထက်လူကြီးကို အသိပေးရပြီး ခွင့်ပြုချက်ရယူပါတယ်။ တစ်ရက်ကို အနည်းဆုံး ၄နာရီ အများဆုံး၁၂နာရီလုပ်နိုင်ပါတယ်။ (မနက်၆နာရီမှ ည၁ဝနာရီအတွင်း)

ဝန်ထမ်းများအလုပ်မှာ ပျော်ပျော်နေနိုင်အောင် စနစ်အမျိုးမျိုးထွင်ကြတာပါ။

အလုပ်ချိန်နှင့် နားရက်ကို မိမိကိုယ်တိုင် ချင့်ချိန်ထည့်ရတာပါ။ မြန်မာပြည်အလည်ပြန်ဖို့လည်း အချိန်ညှိလို့ ရသွားတာပေါ့။

 

အလုပ်နားရက်က

ဆက်လက်ပြီး နားရက် ပိတ်ရက်အကြောင်း ဖော်ပြပါမယ်။

စနေ တနင်္ဂနွေ နားရက်၊ paid vacation လစာပြည့်ခွင့်ရက် ၊ မီးဖွားခွင့်နှင့် ကလေးပြုစုစောင့်ရှောက်ရေးခွင့်နှင့် တခြားခွင့်ရက်များရှိပါတယ် ။ အပတ်စဉ်စနေတနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များ အားလုံးပေါင်း နှစ်စဉ်သတ်မှတ်ပိတ်ရက်က ရက်ပေါင်း၁၂ဝနီးပါးရှိပါတယ် ။ တခြား နားခွင့်အစားထိုးနားရက် compensatory day off ၊ နားရက်ပြောင်းခြင်း substitube holiday ၊ စသဖြင့် အမျိုးမျိုးပါပဲ။

နှစ်စဉ် လစာပြည့်ခွင့် (နှစ်ပြည့်ခွင့်) ကတော့ အလုပ်စတင်ပြီး ၆လအကြာပြီး ၈ဝရာခိုင်နှုန်းကျော် အလုပ်တက်ရောက်ပါက ၁ဝရက် ခံစားရပါမယ် ။

အလုပ်သက်တမ်းနှစ်စဉ်ရယူနိုင်မည့်လစာပြည့်ခွင့်
၆လ၁၀ရက်
၁နှစ်၆လ၁၁ရက်
၂နှစ်၆လ၁၂ရက်
၃နှစ်၆လ၁၄ရက်
၎နှစ်၆လ၁၆ရက်
၅နှစ်၆လ၁၈ရက်
၆နှစ်၆လ၂၀ရက်

အလုပ်သက်တမ်းအလိိုက် ကွာခြားပြီး ၆လ သက်တမ်းပြည့်လျှင် ၁ဝရက် ၊၁နှစ်၆လ ၁၁ရက် ၊စသဖြင့် လစာပြည့်ခံစားခွင့် ရရှိပါမယ်။

ရက်ရှည်ပိ်တ်ရက်ကတော့ တစ်နှစ် ၃ကြိမ်ရှိပြီး Golden week holiday ဧပြီလ ၂၉ရက်ကနေ မေလ ၅ရက်နေ့အထိ၊ Obon holiday ဩဂုတ်လ ၁၃မှ ၁၅ရက် ဝန်းကျင် ၅ရက် ပိတ်ပါတယ်။ New Year Holiday နှစ်သစ်ပိတ်ရက်ကတော့ ဒီဇင်ဘာလ ၃ဝမှ ဇန်နဝါရီလ ၃ရက်နေ့အထိပါ။

ဒီလိုပိတ်ရက်ရှည်တွေမှာတော့ အနီးအဝေး ခရီးသွားတာတို့၊ မြန်မာ ခဏပြန်တာဖို့အတွက် ကြိုတင်ပြင်ဆင်ကြပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။

နောင်လည်း စိတ်ဝင်စားစရာ အကြောင်းအရာများကို ဆက်လက်ဖော်ပြသွားပါမယ်ရှင်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် သတင်းအချက်အလက် ကဏ္ဍစုံ တင်ပြပေးသွား ဖို့ရည်ရွယ်ပါတယ် ။

ဂျပန်မှာ အလုပ်လုပ်ရင်း ပျော်ရွှင်စရာနေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

ကျေးဇူးတင်ရှိပါတယ်။

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗