ဂျပန် ယဉ်ကျေးမှု ဓလေ့

(ဆောင်ရန်ရှောင်ရန် အပြုအမူများ)

【Zawgyi】          Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■MJ

စာဖတ် မိတ်ဆွေ အပေါင်းတို့ရေ ဒီနေ့ MJ ရေးပေးချင်တာက
ဂျပန်လူမျိုးတွေနဲ့ အနေနီးသူတို့အတွက် ဂျပန်တို့ရဲ့ ရှေ့မှာ ဆောင်ရန်ရှောင်ရန် အပြုအမူလေးတွေ အကြောင်း ရေးပေးလိုက်ပါတယ်။
ယဉ်ကျေးမှုထုံးတမ်းစဉ်လာမတူညီတဲ့အတွက် မိမိရဲ့အပြုအမူမှတစ်ဆင့် ရိုင်းပြသလိုဖြစ်သွားတာတွေလည်း ရှိမှာပါ။သတိထားနိုင်ဖို့ပါနော်။

၁ ။ ဂန္ဓမာ ပန်း ( အထူးသဖြင့် အဖြူရောင် ) ဟာ ဘယ်သူ့ကိုမှ ဘာအတွက် ဖြစ်ဖြစ် လက်ဆောင် မပေးရပါဘူး။🌼

ဆိုလိုတာက၊ ကျွန်မတို့မြန်မာပြည်မှာ ဂန္ဓမာပန်းကို တန်ဖိုးထား ဘုရားတင်သလောက်
ဂျပန်မှာတော့ ဂန္ဓမာပန်း အဖြူရောင်ပေးခြင်းဟာဖြင့် သေဆုံးသူများကို ပန်းခွေလက်ဆောင်ပေးသည့်အလား အဓိပ္ပာယ်သက်ရောက်စေပါတယ်။
ဒါကြောင့် ဂန္ဓမာပန်းကို လက်ဆောင် သွား မပေးလိုက်ပါနဲ့။ ပေးလိုက်လို့ကတော့ အပေးခံရတဲ့ သူက အလွန်ဒေါသ ထွက်မဲ့ အခြေအနေပါဘဲ။
ဂျပန်သူငယ်ချင်း၊မိတ်ဆွေတွေရှေ့မှာ ဂန္ဓမာ ပန်း တပွင့် တင်ထားတာတို့ ဂန္ဓမာ ပန်းအိုးလေး ပြင်ထားတာတို့မလုပ်ပါနဲ့နော်။ အထူးသတိထားပါ။

၂ ။ အိမ်၊အခန်းထဲဝင်တိုင်း ဖိနပ်ချွတ်ရာမှာ ဖိနပ်ကို ထွက်ပေါက်ဘက်သို့ ဦးတည်လှည့်ထားပါ။👠👟👞

ဂျပန်တို့ဟာ အခန်းထဲ ဝင်ဖိနပ်ချွတ်ပြီးတာနဲ့ ဖိနပ်ကို တံခါးဖက်ဆီ ဦးတည်ချက် ပြန်လှည့်ထားလေ့ ရှိကြပါတယ်။ အပြင်ထွက်တဲ့အခါ အဆင်သင့်စီးနိုင်အောင်ပါတဲ့။
ဂျပန်အိမ်သွားရင် သတိထားကြည့်ပေါ့နော်။

၃ ။ တစ်ဦးနှင့် တစ်ဦး မည်မျှပင် စိတ်ဆိုးစေကာမူ မျက်နှာတွင် အပြုံး မပျက် ကြပါ။( ◠‿◠ )
^-^ ဂျပန်တို့သည် မည်မျှပင် စိတ်ဆိုးကြသည် ဖြစ်စေ အပြုံးမပျက်ကြပါ။

၎ ။ လူချင်းတွေ့လျှင် မင်္ဂလာပါဟု နှုတ်ဆက်ပြီးကာမှ ကျန်စကား ပြောကြလေ့ရှိသော ဓလေ့။
🙏😊 ဂျပန်တို့သည် တစ်ဦးနှင့် တစ်ဦး စတွေ့ရာဝယ် ပြောချင်သော စကား၏ ရှေ့တွင် မင်္ဂလာပါ စသည် နှုတ်ဆက်ပြီးကာမှ စကားစမည် ပြောလေ့ ရှိပါသည်။ ကျွန်မတို့ မြန်မာတွင် လမ်းမှာတွေ့လျှင် ပြုံးပြတာကလည်း နှုတ်ဆက်တာဖြစ်ပေမယ့်၊ ဂျပန်မှာက အသံထွက်ပြီးနှုတ်ဆက်ပါတယ်နော်။

၅ ။ ဓါးဖြင့် အခွံခွာရာတွင် ဓါးသွားကို မိမိဘက်ထား သင်တတ်ကြသည်။🗡

ဂျပန်တို့သည် ဓါးသွားကို ကိုယ့်ဘက် မထားဘဲ တစ်ဖက်လူဘက်လှည့်ထားလျှင် တခြားသူအား ရန်ပြုရန် ဒုက္ခပေးရန် ဟု မြင်ကြပါသည်။
မြန်မာတို့နှင့် ပြောင်းပြန် ဖြစ်သော်လည်း ဂျပန်တို့၏ ဓလေ့ တခုပင်။

၆ ။ တူဖြင့် စားနေရင်း တူအား ဆုပ်ကိုင်၍ အောက်ဆိုက် ပုံစံ မပြုလုပ်ရပါ။🥢
တူအား တူကိုင်သည့် ပုံစံဖြင့်သာ ကိုင်ပါ။ တူ တစုံအား လက်သီးဆုပ် အတွင်း ကိုင်၍ အစား ခေတ္တခဏ ရပ်နားခြင်း စသည် မပြုလုပ်ပါနှင့်။
စာမူရိုင်းခေတ်က သာမူရိုင်းတို့၏ ဓါးမြှောင် ကိုင်သကဲ့သို့ ပုံစံ သက်ရောက်ပြီး လူတဦးတယောက်နှင့် ရန်ဖြစ်မည်လား ထိုးမည်လားဟု ရင်တမမနှင့် အကြည့်ခံရပါမည်။

၇ ။ တူဖြင့် အစားအစာ လှမ်းယူရာတွင် တခြားသူ၏တူဖြင့် ၂ ယောက်သားပေါင်း  မသယ်ရပါ။
🥢 အကြောင်းမှာ ဂျပန်ရိုးရာတွင် သေဆုံးသူမီးသင်္ဂြုလ်ပြီး အရိုးကောက်ရာဝယ် ကျန်ရစ်သူ မိသားစုမှ စည်းလုံးညီညွတ်စွာ တူကိုယ်စီ ဖြင့် ၂ ယောက် တစ်ရိုး သယ်ပြီး အရိုးအိုးထဲ ထည့်တဲ့ဓလေ့ရှိပါတယ်။
ဒါကြောင့် ဟင်းခပ်ရာတွင် တူဖြင့်ယူဖို့ ခက်ခဲနေသော်လည်း တခြားသူက ဝင်ရောက် ကူညီ ပေးလေ့ မရှိပါ။ ထို့ပြင် ကူညီလျှင်လည်း စိတ်ဆိုးတတ်ကြပါသည်။ မြန်မာများ၏ ကူညီလိုစိတ်အား ထိုအချိန်တွင် သတိထားပါလေ။

၈ ။ ထမင်းစ စားလျှင် ဂျပန်မိဆိုဟင်းရည် သို့မဟုတ် အရည်သောက်ဟင်းအား တူဖြင့် အရင်မွှေ သောက်ပြီးမှ ထမင်းစားပါ။

တူဖြင့် ထမင်း အရင်စစားလျှင် တူသည် ခြောက်သွေ့နေသောကြောင့် တူတွင် ထမင်းလုံးများ ကပ်ကျန်နေတတ်ပါသည်။
ဘေးလူ အမြင်တွင် မလှပ မသန့်ရှင်းခြင်း၊ တူတွင် ကပ်ကျန်နေသော ထမင်းသည် ပါးစပ်ထဲ ဝင်ပြီးသားများ ဖြစ်နေခြင်းကြောင့် တူအား ထမင်းမစားခင် အရည်သောက်ဖြင့် အရည်စွတ်ကာ စားကြပါသည်။

၉ ။အစားအသောက်စားသော တူဖြင့် စားနေရင်း သွားကြားထိုးခြင်းမျိုး မပြုမိပါစေနှင့်။🥢
တူသည် ထမင်းစားရာတွင်သာ အသုံးပြုပြီး သွားကြားထိုးတံ မဟုတ်၍ စားနေချိန်ရော စားပြီးချိန်ရောတွင် မဆော့ပါနှင့်။

၁၀ ။ စားသောက်ပွဲတွင် အရက် ဘီယာ တို့ကို ငှဲ့ထည့်ပေးခြင်းသည် ဂျပန်ယဉ်ကျေးမှု ပါ။
မြန်မာတို့တွင် လူကြီးသူမ များအား လက်ဖက်ရည် ငှဲ့ပေးသကဲ့သို့သော ယဉ်ကျေးမူ့ တစ်ခုပါပင်။ နှစ်ကုန်ပါတီပွဲများ၊မိတ်ဆုံစားပွဲများမှာ ကိုယ်က အလိုက်တသိ ပြုလုပ်ပေးပါက ဂျပန်တို့ နှစ်သက်ပါပေ လိမ့်မည်။

MJ😊

Author Profile

MJ
MJ
မင်္ဂလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။