ရှင်သန်ခြင်းအနုပညာ အင်တာဗျူးအစီအစဉ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

မဂၤလာပါ🍀
Working Friends မှာ ဂျပန်အကြောင်း သိမှတ်ဖွယ်ရာများ၊ဗဟုသုတများ ရေးသားဝေမျှပေးနေသော
ကလောင်ရှင် သျှင်မိုး၏ ဂျပန်မှ ရှင်သန်ခြင်း အနုပညာလေးကို မေးမြန်းဖြစ်ခဲ့ပါတယ်။

EM
အစ်မသျှင်မိုး မင်္ဂလာပါ။အစ်မအကြောင်းလေး မိတ်ဆက်ပေးပါအုံး။
Moe
စာဖတ်မိတ်ဆွေများ အားလုံး မင်္ဂလာပါ။သျှင်မိုးပါ။ ​ဂျပန်အကြောင်းဗဟုသုတလေးများကို ရေးသားတင်ဆက်နေပါတယ်။
လက်ရှိမှာလည်း ဂျပန်အိုင်တီကုမ္ပဏီမှာ အလုပ်ဝင်နေတဲ့အတွက် မိမိတွေ့ကြုံခဲ့ရတဲ့ အကြောင်းအရာများကို တင်ဆက်ဖြစ်ပါတယ်။
ဇာတိကတော့ ဧရာဝတီတိုင်း ဖျာပုံဖြစ်ပါတယ်။၂၀၀၇ခုနှစ်မှာ ဂျပန်လာရောက်ပညာသင်ယူပြီး၊အိုင်တီကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေပါတယ်။
EM
မိမိရဲ့အတွေ့အကြုံအပေါ်အခြေခံပြီး စာရေးသားဝေမျှတာပေါ့နော်။
ဘယ်လိုအကြောင်းအရာမျိုး ရေးသားပါသလဲ။
Moe
ကိုယ်တိုင် သိမြင်မှတ်သားခဲ့တဲ့အကြောင်းအရာ၊ကျောင်းတတ်ရင်းလေ့လာခဲ့တဲ့
အကြောင်းလေးတွေကို အခြေခံပြီး ရေးဖြစ်ပါတယ်။
လက်တွေ့ဂျပန်အလုပ်ခွင်ထဲ ဝင်ရောက်လာတဲ့အခါမှာ ယဉ်ကျေးမှုကို အလုံးစုံနားမလည်ခြင်း၊ဘာသာစကားအခက်အခဲကြောင့် Communication ပိုင်းလိုနေတာတွေ အများကြီးတွေ့ရပါတယ်။ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းစဉ်လာများ၊အလုပ်နှင့် သက်ဆိုင်သည့်အကြောင်းအရာများ သိပ်မသိတာလည်း ကြုံရပါတယ်။

နောက်ပိုင်း မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေးနယ်ပယ်ဟာ ဒီထက်ပိုပြီးတိုးတက်လာလိမ့်မယ်လို့ ယုံကြည်တယ်။ဒါ့ကြောင့် ကျောင်း၊အလုပ်နှင့် ဂျပန်လာမယ့်သူများအတွက် ကိုယ့်အတွေ့အကြုံတွေကို ပြန်လည်ဝေမျှတာပါ။

EM
အစ်မကိုယ်တိုင်ကရော ဂျပန်ကို လာဖို့ ဘယ်လို ဆုံးဖြတ်ခဲ့လဲ။
Moe
အစ်မဂျပန်လာခဲ့တာ ၂၀၀၇ခုနှစ်ကဆိုတော့ မိန်းကလေးတစ်ယောက် နိုင်ငံခြားသွားဖို့ဆိုတာ ပတ်ဝန်းကျင်က သိပ်ခွင့်မပြုဘူး။ တစ်ယောက်တည်းလည်း ရပ်တည်ရမယ်။ ဘာသာစကား၊ယဉ်ကျေးမျု မတူတဲ့အတွက် ပြဿနာတွေကြုံလာနိုင်တယ်။

ကြိုးစားရင်းနှင့်ပဲ နေသားကြသွားမှာပါဆိုတဲ့ အသိစိတ်လေးနှင့်ပဲ။ ကိုယ့်ရည်ရွယ်ချက်မပျောက်အောင်၊ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်၊အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အရောက်လာခဲ့ပါတယ်။

လာဖြစ်တဲ့အကြောင်းရင်းကတော့ ဂျပန်ပြန်အစ်ကို၊အစ်မကြီးတို့ကို အားကျတာကြောင့်ပါ။မြန်မာမှာတုန်းကတော့ စီးပွားရေးတက္ကသိုလ်ပြီးနောက်၊ရန်ကုန်မှာ Export,Import လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ရန်ကုန်မှာပဲ ဂျပန်ပြန် အစ်ကိုကြီး၊အစ်မကြီးတွေနှင့်တွေ့ဖြစ်ပြီး၊ သူတို့ဆိုရင် ဗဟုသုတလည်း ကြွယ်ဝ၊အတွေ့အကြုံလည်း များတော့ အားကျမိတယ်။ ဒါနဲ့ ဂျပန်စာသင်ပြီး၊ ကျောင်းတက်ဖို့အတွက် ဂျပန်လာဖြစ်ခဲ့ပါတယ်။ ရှိဇုအိုကမှာ ကျောင်းတက်ခဲ့ပါတယ်။အခုကတော့ တိုကျိုက အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပါတယ်။

ကိုယ်က နိုင်ငံခြားသားတစ်ယောက်အနေနှင့် ဂျပန်မှာ နေရတာဖြစ်တဲ့အတွက် မသိတာတွေ အများကြီးရှိပါတယ်။ ဒါကို ဘယ်လိုသိအောင်လုပ်မလဲ။ စာဖတ်ခြင်းအားဖြင့် သိနိုင်တယ်။ ဂျပန်လို မဖတ်နိုင်သေးရင် အင်တာနက်ကနေဖြစ်စေ ကိုယ်လက်လှမ်းမီရာကနေ သင်ယူတာ ကောင်းပါတယ်။

EM
အစ်မရဲ့ အတွေ့အကြုံအရ ဂျပန်မှာ အလုပ်လုပ်ဖို့အတွက် ဘာတွေအလိုအပ်ဆုံးပါလဲ။
Moe
ဂျပန်ကုမ္ပဏီမှာ လုပ်မယ်ဆိုရင် Communication skill အရေးကြီးဆုံးလို့ ထင်ပါတယ်။

N3 နဲ့လာတဲ့သူထဲမှာလည်း ဂျပန်လို ပြောနိုင်ဆိုနိုင်သူတွေက အဆင်ပြေတာတွေ့ရပါတယ်။
ဂျပန်စာကိုလည်း သေသေချာချာသင်ယူဖို့ တိုက်တွန်းပါတယ်။
ရေရှည်လများ ဂျပန်မှာ လုပ်မယ်ဆိုရင် ဂျပန်စာကို Business levelအထိ မှန်းထားပါနော်။
နောက် ကုမ္ပဏီအလုပ်မှာ မဖြစ်မနေလိုတာကတော့
ကွန်ပျူတာစွမ်းရည်ပါ။ Microsoft office,Excel ဆိုရင်လည်းvbaလောက်အထိ သိထားရင်ကောင်းပါမယ်။

EM
ဂျပန်မှာ နေထိုင်အလုပ်လုပ်ကိုင်ရင်း ခံစားမိတာလေးများ ရှိပါသလား။
Moe
ဂျပန်လူမျိုးတွေက စနစ်တကျ၊စည်းကမ်းရှိတာတော့လူတိုင်းအသိ ဖြစ်မှာပါ။
နောက်တစ်ခုက အလုပ်တစ်ခုကို စလုပ်ရင် အခြေခံအဆင့်ကို ကျေညက်နေအောင် ကြိုးစားတယ်။ အခြေခိုင်အောင် လုပ်တယ်ပေါ့။
ဂျပန် ရဲ့စနစ်ကတော့ အလုပ်စလျှောက်ရာမှာ နာမည်ကြီးတက္ကသိုလ် ကထွက်လို့ ချက်ချင်း ရာထူးကြီးတန်းရတယ်ဆိုတာက ဂျပန်မှာ ကထုံးစံမရှိဘူး။အခြေခံက စဝင်ရတယ်။
ဂျပန်လူမျိုးတွေက သင်ပေးလိုက်တဲ့ပုံစံကို တိတိကျကျ လိုက်လုပ်တယ်။ဒါလေးကို သဘောပေါက်ထားမယ်ဆိုရင် သူတို့နှင့် အတူ အလုပ်လုပ်နိုင်မှာပါ။

နောက်တစ်ခုက ကိုယ့်ဘက်ကလည်း စွန့်စားဖို့လိုတယ်ဆိုတာ သိလာတယ်။ နိုင်ငံခြားဆိုတော့ ကိုယ်ထင်ထားသလိုတော့ ဖြစ်လာချင်မှလည်း ဖြစ်မယ်။ ထင်တားတာထက် ပိုပင်ပန်းသွားတာလည်း ကြုံရတယ်။ ဒါ့ကြောင့် ကိုယ့်ရည်မှန်းချက်အတွက် စွန့်ရမယ်။ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။

EM
လက်ရှိအလုပ်အကိုင်အခြေအနေက ဘယ်လိုပါလဲ။
Moe
၂၀၁၆ခုနှစ်မှာ ကုမ္ပဏီဝန်ထမ်းအဖြစ် စတင်အလုပ်လုပ်ကိုင်ခဲ့တယ်။အလုပ်မှာတော့ client ဧည့်သည်နဲ့တွေ့ရတဲ့အခါမျိုးလည်း ရှိသလို၊ ကိုယ့်ရုံးကလူတွေနှင့်ပဲ အလုပ်လုပ်ရတဲ့အခါမျိုးလည်း ရှိပါတယ်။
အလုပ်အခြေအနေအပေါ်မူတည်ပြီး client ဘက်က ဘာဖြစ်ချင်တာဘာလဲဆိုတာ သေသေချာချာ နားထောင်ရတယ်။မိမိအဖွဲ့၊အထက်လူကြီးတွေနှင့် ဆွေးနွေးတိုင်ပင်ရင်းနှင့်ပဲ အလုပ်လုပ်ဆောင်ပါတယ်။

သူတို့ ဖြစ်စေချင်တာ၊ ဂိုက်လိုင်းအတိုင်း လိုက်လုပ်တယ်။ တစ်သွေမတိမ်းလိုက်လုပ်နိုင်ဖို့က အရေးပါတယ်။

EM
နောင်ဂျပန်လာမည့်သူများအတွက် စကားလက်ဆောင်လေး
Moe
နိုင်ငံခြားထွက်ဖို့ ဆိုတာ လွယ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ အောင်မြင်ဖို့ဆိုတာ မလွယ်ပါဘူး။
ဂျပန်ကိုလာတော့မယ်ဆိုရင် ရည်ရွယ်ချက်တစ်ခုထားပြီးမှ လာခဲ့ပါ။ဂျပန်စာကတော့ ကျွမ်းကျင်လေ ကောင်းလေ မဟုတ်ပါလား။မြန်မာမှာကတည်းက သင်ခဲ့တာပိုကောင်းပါတယ်။
ဂျပန်ကို ရောက်ပြီးနောက်ပိုင်း အချိန်ရဖို့ကတော့ မလွယ်ဘူး။ဂျပန်ရောက်မှ ကြိုးစားမယ်ဆိုတာ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါရစေ။
လက်ရှိဂျပန်မှာ အိုင်တီကဲ့သို့ ပညာရပ်တတ်မြောက်ထားပြီး၊ ဂျပန်စာလည်း ကျွမ်းကျင်တဲ့သူတွေတောင်မှ အခက်အခဲတွေ အများကြီးပါပဲ။
ကိုယ်က ဘယ်လို ပုံစံမျိုးနှင့် လာမှာလဲ။ကိုယ့်ဘက်က သေချာပြင်ဆင်ပြီးမှ လာခဲ့ပါနော်။

နောက်ပြီး ဂျပန်ရောက်ပြီး၊ ဂျပန်နိုင်ငံရဲ့ မြို့ကြီးမှာ မဟုတ်လို့လည်း အားမငယ်ပါနဲ့။ အစ်မကိုယ်တိုင်လည်း ရှိဇုအိုကာမြို့ကနေ တိုကျိုမှာ အလုပ်ရှာခဲ့တာပါ။အလုပ်ရှာဖို့အတွက် တိုကျိုတက်ရတဲ့အခေါက်တိုင်း အချိန်၊စရိတ်ကုန်ပါတယ်။ စွန့်ရတာပါပဲနော်။ အခုတော့ တိုကျိုကုမ္ပဏီမှာ အလုပ်ဝင်နေပါတယ်။ ကြိုးစားပါ။

EM
အစ်မရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမည့် Planအကြောင်းလေး သိပါရစေ။
Moe
စာရေးသူတစ်ယောက်အနေနှင့် အနုပညာပိုင်း အလုပ်တွေ အကုန်လုပ်သွားချင်ပါတယ်။
အကျိုးရှိစေတဲ့ အရာတိုင်းကို အခါအခွင့်ကြုံတိုင်း ရေးသားသွားချင်တယ်။
ကြိုးစားသွားမယ်လို့ စဉ်းစား ထားတယ်။
အလုပ်နှင့် ပတ်သက်တဲ့ ဗဟုသုတ၊ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဂျပန်လူမျိုးတွေရဲ့ အလုပ်ပုံတွေကို တင်ဆက်သွားမယ်။ မြန်မာနိုင်ငံနှင့်ပတ်သတ်တဲ့ သုတေသနအပိုင်း တွေမှာလည်း ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ကူးရှိပါတယ်။
EM
Working Friendsကို ဘယ်လိုမြင်မိပါသလဲ
Moe
ဂျပန်ကို စိတ်ဝင်စားတဲ့ လူတိုင်း အတွက် ထိရောက်တဲ့သတင်းအချက်အလက်တွေကို ဝေမျှနေတဲ့ နေရာတစ်ခုလို့ယုံကြည်တဲ့အတွက် အစ်မကိုယ်တိုင်လည်း စာရေးနေပါတယ်။
အခုဆိုရင် ဂျပန်မြန်မာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးတိုးတက်လာပြီ။ မြန်မာနိုင်ငံသားတွေက ဂျပန်ကို စိတ်ဝင်စားတာနည်းတူ ၊ ဂျပန်ဘက်ကနေလည်း မြန်မာလူမျိုးတွေကို စိတ်ဝင်စားတယ်ဆိုတာ တွေ့လာရတယ်။
Working Friends က ကြားခံအနေနှင့် ပံ့ပိုးပေးပြီး၊ လက်တွေ့ အသုံးဝင်နိုင်မယ့်အချက် သတင်းအချက်အလက်တွေကိုလည်း ရေးပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။

ပရိုဖိုင်

ကလောင်အမည် 🍀သျှင်မိုး
အမည် 🍀ဇင်မိုးသူ
အလုပ်အကိုင် 🍀အိုင်တီကုမ္ပဏီ (တိုကျိုမြို့)
ပညာအရည်အချင်း

 

🍀 စီးပွားရေးတက္ကသိုလ်
🍀静岡県立大学(研修生)
🍀Shizuoka international air resort college
ဂျပန်ရောက်ရှိသည့်ခုနှစ် 🍀 2007~
နှစ်သက်သည့်အရာ 🍀 business consulting ၊အနုပညာ
ပုံရိပ် 🍀 I am a creator
တိုကျိုမှာ အကြိုက်ဆုံးနေရာ 🍀Ueno
နှစ်သက်သည့် ဂျပန်ရဲ့အပြုအမူ 🍀 တစ်ဖက်သားအတွက် ထည့်သွင်းစဉ်းစားပေးတတ်မှု
အကြိုက်ဆုံး ဂျပန်စကား 🍀 頑張ります ကြိုးစားသွားပါမယ်^^

ဒီအင်တာဗျူးလေးကတော့ Working Friends စာဖတ်သူငယ်ချင်းတို့အတွက် ဗဟုသုတရစရာများ တင်ဆက်ပေးနေသော ကလောင်ရှင် သျှင်မိုးအား တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါတယ်။
ဒီစာလေးမှ တစ်ဆင့် သူငယ်ချင်းတို့ အင်အားတက်လာစေဖို့ မျှော်လင့်ပါတယ်။
ကြိုးစားပါနော်။

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗