ဈေးသက်သက်သာသာနဲ့ အသုံးဝင်သော ပစ္စည်းများ

ဂျပန်မှာဆိုရင် ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ပြီး အသုံးတည့်တဲ့ ပစ္စည်းတွေ အများကြီးပါပဲ။ ယန်း၁ဝဝဆိုင် ယန်း၃ဝဝဆိုင် စတဲ့ဆိုင်တွေ နေရာအနှံ့မှာ ရှိတတ်ပါတယ်။

ဈေးပေါလို့ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ စားစရာ၊ပန်းကန်ခွက်ယောက်ကအစ အလှအပပစ္စည်း၊လက်ဆောင်ပစ္စည်း အထိ ရှိပါတယ်။

ဒီတစ်ခေါက်ပြောပြမှာကတော့ ဈေးသက်သက်သာသာနဲ့ အသုံးတည့်တဲ့ ပစ္စည်းအကြောင်း ဖြစ်ပါတယ်။ ဈေးသက်သာတယ်ဆိုတာကတော့ ယန်း၁ဝဝ ကနေ ယန်း၁ဝဝဝအတွင်းကို ပြောတာပါ။

ယန်း၁ဝဝဝ က မြန်မာငွေနဲ့တွက်ရင် ၁သောင်းကျော်ဆိုပေမဲ့ ဂျပန်မှာ ပုံမှန်နေ့လည်စာ စားရင်ကို တစ်နပ် ၁ဝဝဝဝန်းကျင်ကုန်တာဆိုတော့… (နည်းနည်းတော့ ဈေးကြီးနေမလား)

စိတ်မပူပါနဲ့။ အတတ်နိုင်ဆုံး ဈေးနည်းတဲ့ ပစ္စည်းလေးတွေကို မိတ်ဆက်ပေးသွားမှာပါ။

အရင်ဆုံး handy sealer အိတ်ပိတ်စက်ပေါ့နော်။ နာရီဓါတ်ခဲ ၂လုံးရှိရုံနဲ့ အိတ်ကို လေမဝင်အောင် ပိတ်လိုက်လို့ရပါတယ်။ တစ်လက်ကိုင်အရွယ်ဖြစ်ပြီး အပူနဲ့ ပိတ်ပေးတာဖြစ်လို့ ကြွတ်ကြွတ်အိပ်ထူထူ ကြီးတွေကိုတော့ သုံးမရဘူးပေါ့နော်။ သုံးရမှာက အားလူးကြော်စားတာ မကုန်လို့ ပြန်ပိတ်ချင်တဲ့အခါ စားစရာထည့်ပြီးသိမ်းချင်တဲ့အခါ အလွယ်ပဲ သုံးလို့ရပါတယ်။

 

 

 

 

ဒီလိုမျိုး ဓါတ်ခဲအပေါ် အဖုံးလည်းပါပြီး အပူပေးတဲ့နေရာပေါ်မှာလည်း အကာလေးတပ်ပေးထားပါတယ်။ အလယ်ခေါင်က အဖြူနေရာလေးက အပူထုတ်ပေးပြီး အိတ်ပိတ်လို့ရတာပါ။ ဓါတ်ခဲထည့်တာတော့ အပေါင်းအနုတ်လက္ခဏာနှင့်ဖော်ပြထားလို့ ကြည့်ပြီးတော့ ထည့်သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်မှာဝယ်လို့ရလဲဆိုတော့………………………………….Daiso ပါ ။ Daiso ဆိုရင်တော့ ဈေးနှုန်းသိလောက်ပါပြီ။^^

နောက်ထပ်ပစ္စည်းကတော့ စတပ်ပလာလေးပါ။ သူကတော့ စတပ်ပလာချိတ်မလိုအပ်ပါဘူး။ စာရွက် ၄ /၅ ရွက်မှ စတွဲလို့ရပြီး သံချိတ်မလိုတော့ အဆင်ပြေတာပေါ့။ စာရွက်မှာ အပေါက်ကျန်ခဲ့တာလည်းရှိပြီး၊သေသေသပ်သပ်နှင့် သံချိတ်မလိုတာလည်း ရှိပါတယ်။

စာရွက်အနည်းငယ်သာ တွဲလို့ရနိုင်တာမို့ တစ်ခါတည်းအများကြီး တွဲမိရင် စာရွက်ညပ်သွားတတ်ပါတယ်။လောဘကြီးပြီး အများကြီး မတွဲဖို့က အရေးကြီးဆုံးပါပဲ။^^

နောက်တစ်ခုကတော့ လက်ကိုင်အိတ်ချိတ်ဖြစ်ပါတယ်။ လက်ကိုင်အိတ်ချိတ်???????

ဟုတ်ပါတယ်။အပြင်မှာ ဆိုင်တစ်ဆိုင်ထိုင်တဲ့အခါ မိမိရဲ့အိတ် ဘယ်နားထားလို့ထားရမှန်းမသိတာတွေ ကြုံဖူးမယ်လို့ထင်ပါတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းပေးမဲ့ချိတ်လေးပါ။ ၅ကီလို အလေးချိန်အထိ ခံနိုင်ပြီး စားပွဲခုံအစွန်းလေးမှာတင်ပြီး ချိတ်ထားရုံပါပဲ။ကြည့်လိုက်ရင် လက်ပတ်နာရီလောက်ပဲ ရှိတဲ့ ချိတ်ကလေးဟာ ဘယ်သွားသွား အဆင်ပြေစေမှာပါ။

ဒီတစ်ခုကတော့ အသုံးတည့်တယ်လို့ပဲပြောရမလား၊ ထူးဆန်းတယ်လို့ပဲပြောရမလားပဲ။ပုံကတော့ လက်သည်းညှပ်ပါ။

တကယ်လည်း လက်သည်းညှပ်ပါပဲ။ ဟဲဟဲ နောက်တာတော့ မဟုတ်ပါဘူး။ ထူးခြားချက်က ညှပ်လိုက်တိုင်း လက်သည်းအစအနတွေက အပြင်ကို လွင့်စင်မသွားဘဲ လက်သည်းညှပ်နောက်ပိုင်းက ဗူးလေးထဲမှာ သွားစုတာကြောင့်ပါ။

လက်သည်းညှပ်တိုင်း အစအနရှင်းရလို့ စိတ်ညစ်နေသူများအတွက်ပါ။

 

ပစ္စည်းတွေများနေလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေသူများအတွက် မျက်လှည့် အိတ်လာပါပြီ။ တကယ်မျက်လှည့်ပြတာတော့ မဟုတ်ရပါဘူး။

Eco bag လို့ခေါ်တဲ့ ဈေးဝယ်အိတ်ပါ။ခေါက်ထားနိုင်ပြီး ပေါ့ပါးသေးငယ်လွန်းလို့ ဘယ်သွားသွား အသာလေး သယ်သွားနိုင်တာက ထူးခြားချက်ပေါ့။ ဂျပန်မှာက တစ်ချို့ဈေးဝယ်စင်တာတွေမှာ ပလက်စတစ်ခြွေတာတဲ့အနေနဲ့ ပလက်စတစ်အိတ်ဖိုး ၅ယန်း ၁ဝယန်းစသဖြင့် ပေးရတာတွေ ရှိပါတယ်။ ဒီလိုဈေးဝယ်အိတ်လေး ကိုယ်နှင့် မကွာဆောင်ထားတော့ မကောင်းဘူးလားရှင်။ ကျွန်မလည်း ဝယ်ထားပါတယ်။^^

ပြောရင်းနဲ့ပဲ ပစ္စည်း၂မျိုးပဲ ကျန်ပါတော့တယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော်။

အခုပြောမှာကတော့ လိုအပ်တဲ့ပစ္စည်းရယ်လို့လည်း မဟုတ်ပေမဲ့ အပျော်ပေါ့နော်။ ကိုယ်ရေးအချက်အလက်တွေနှင့် ကိုယ်ရေးကိုယ်တာ စာများကို ဖုံးကွယ်ပေးမဲ့ အရာလေးပါ။ ရေးထားတဲ့စာပေါ်မှာ ဒလိမ့်လို လှိမ့်ပေးလိုက်ရုံပါပဲ။ မမြင်စေချင်တဲ့အချက်အလက်အကုန် ဖုံးသွားပါလိမ့်မယ်။

နောက်ဆုံးအနေနှင့် မိတ်ဆက်ပေးမှာကတော့ အပြင်သွားရင်း အဝတ်အစား တွေမှာ အစွန်းအထင်းပေသွားတဲ့အခါ အသုံးဝင်မယ့်ဆေးစွမ်းကောင်းလေးပါ။ ဒါလေးကတော့ ယန်း၁ဝဝဆိုင်က ပစ္စည်းမဟုတ်ပါဘူး။ ဆေးနှင့်အလှကုန်ရောင်းတဲ့ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။

အလုပ်မှာ ရှပ်အကျီင်္စွန်းပေသွားတာတို့ အလည်သွားရင်းမတော်တဆ စားစရာဖိတ်စင်သွားတဲ့အခါမှာ အလွန်အသုံးတည့်ပါတယ်။ ကျွန်မကိုယ်တိုင် ကိုယ်တွေ့ ဝယ်ဆောင်ထားပြီး အမြဲ အိတ်ထဲထည့်ထားပါတယ်။ တန်ဖိုးကြီးအဝတ်အထည်တွေမှာ အစွန်းမပျောက်ရင် နှမျောစရာပါပဲ။ အရည်ဖြစ်လို့ ရေစိုမခံတဲ့ အထည်တွေကိုတော့ မသုံးတာ ကောင်းပါလိမ့်မယ်။

စွန်းပေသွားတဲ့နေရာမှာ ဗူးနှုတ်ခမ်းဝနဲ့၁မိနစ် ကြာကြာ သုပ်လိမ်း ထားလိုက်ရင် ဆီအစွန်းတွေလည်းကင်းစင်သွားတာတွေ့ရပါမယ်။ အိတ်ဆောင်ဗူးသေးလေးဖြစ်လို့ မိတ်ဆွေတို့လည်းသုံးကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

ဒီလိုမျိုး တန်ဖိုးနည်းနည်းနှင့် အသုံးတည့်တဲ့ပစ္စည်းတွေ အများကြီးပါပဲ။ အထူးအဆန်းပစ္စည်းတွေလည်း တွေ့ရတတ်ပါတယ်။ ဂျပန်ရောက်ရင် ဝယ်သုံးကြည့်ဖို့ မမေ့ပါနဲ့နော်။

ဆက်လက်ဖော်ပြပါဦးမည်။

 

 

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗