Transportation
ရထားစီးရအောင်

မြေပေါ်မြေအောက်ရထား၊bus၊မိုးပျံရထား၊တက္ကစီ၊လေယာဉ်၊သင်္ဘော
ဂျပန်နိုင်ငံမှာရှိတဲ့ အများသုံးပို့ဆောင်ဆက်သွယ်ရေးစနစ်တွေပေါ့။
ပထမဦးဆုံးရထားစစီးကြတာပေါ့။

မေးခွန်း (၁)- ဂျပန်မှာ ရထားလိုင်းအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။
လျှပ်စစ်ရထားပေါ့နော်။ JRရထားလိုင်း၊မြေအောက်ရထားလိုင်း၊ ပုဂ္ဂလိကရထားလိုင်း ဆိုပြီး ၃မျိုးရှိပါတယ်။

၁) JRရထားလိုင်း
တစ်နိုင်ငံလုံးပြေးဆွဲနေပြီး၊ဒေသတွင်းရထားမှစကာ ကျည်ဆန်ရထားအထိ မျိုးစုံပါပဲ။
JRထဲမှာမှ လိုင်းအမျိုးမျိုးရှိပြီး၊တိုကျိုမြို့တွင်းကတော့ Yamanote-Line, Chuo-Line အစီးများပါတယ်။
မြို့ပတ်ချင်ရင်တော့ တိုကျိုမြို့တစ်ပတ်ပြေးဆွဲတဲ့ Yamanoteက အကောင်းဆုံးပဲပေါ့။

၂) မြေအောက်ရထားလိုင်း
ဘူတာမှတ်တိုင်တိုင်းရပ်ပါတယ်။မြို့တွင်းပဲ ပြေးဆွဲပါတယ်။ရထားကလည်း ၃မိနစ်ခြား၊၅မိနစ်ခြားလောက် တစ်စင်းထွက်ပါတယ်။မြေအောက်ကနေ မြေပေါ်ပြန်တက်တဲ့အခါတော့ လှေကားအထပ်ထပ်တက်သွားရတာပေါ့။အမောမခံနိုင်ရင် စက်လှေကားသုံးပါ။^^

၃) ပုဂ္ဂလိကရထားလိုင်း
လိုင်းအမျိုးမျိုးရှိပါတယ်။ဘူတာလည်း သီးသန့်အဆောက်အဦး၊သီးသန့် လက်မှတ်စစ်ဂိတ်ရှိပါတယ်။

မြို့ကြီးတိုင်းမှာ JRရထားလိုင်း၊မြေအောက်ရထားလိုင်း၊ ပုဂ္ဂလိကရထားလိုင်း ၃မျိုးလုံး ပြေးဆွဲတယ်ဆိုပေမဲ့၊ ၃မျိုးလုံး ရထားဂိတ်ပေါက်က သပ်သပ်စီ ခွဲခြားထားပါတယ်။ ဝင်ပေါက်ထွက်ပေါက်မတူဘူးပေါ့နော်။
ဥပမာ- JR yamanote line စီးပြီး၊ Metro, keio-line ပြောင်းစီးမယ်ဆိုရင် လက်မှတ်စစ်ပေါက်ကနေ ပြန်ထွက်ပြီး ပြောင်းစီးမယ့်ရထားလိုင်းအပေါက်ဘက် သွားရပါတယ်။
出口(deguchi) Exit သို့ 改札口(kaisatsuguchi) ticket gate ဘက် သွားရမှာပါ။ တစ်ခါတစ်လေ JR Metroအကူးတင်ကို ၅မိနစ်လောက်လမ်းလျှောက်ရတာ။
ဘူတာကြီးရင် ကြီးသလို ထွက်ပေါက်အမျိုးမျိုးရှိပါတယ်။ကျွန်မတော့ မျက်စိလည်လို့ပါ။
ဥပမာ – ( Central ticket gate, East ticket gate, West ticket gate ,…)
( Exit 1, Exit 2,3,4,..)

ဂိတ်မတူပေမဲ့၊ တစ်ကူးတက အပြင်ထိထွက်စရာမလိုတဲ့ လိုင်းပြောင်းစီးရတဲ့ ဂိတ် (transfer gate)လည်းရှိပါသေးတယ်။
※သတိထားစရာတစ်ခုက
လိုင်းပြောင်းစီးတဲ့ဂိတ်(transfer gate)နှင့် ရိုးရိုးလက်မှတ်စစ်ပေါက်(ticket gate)နဲ့ မမှားမိဖို့ပါပဲ။ မှားဝင်မိရင် အပြင်ပြန်ထွက်ဖို့ အပေါက်ပြန်ရှာရတာ ရှုပ်လို့ပါ။အချိန်ကုန်တာပေါ့။

နောက်တစ်ဆင့်
မေးခွန်း(၂) ရထားတွေကို ဘယ်လိုအမျိုးအစားခွဲထားလဲ။
「特急」special express
「準特急」semi special express
「急行」 express
「区間急行」semi express
「快速」rapid
「各停」「普通」local
ဘယ်ရထား အမြန်ဆုံးထင်လဲ။ local train ကတော့ ဘူတာတိုင်းရပ်ပါတယ်။

မေးခွန်း(၃) ရထားစီးခနှင့် အချိန်ကို ဘယ်လိုကြည့်မလဲ။

ဘူတာမှာပြထားတဲ့ ရထားလိုင်းမြေပုံကို ကြည့်ပြီး ဈေးနှုန်းသိနိုင်ပါတယ်။မြေပုံ ထဲမှာ ဈေးနှုန်းထည့်ပေးထားတော့ ကြည့်ရတာလည်းလွယ်ကူ ၊အချိန်ကုန်သက်သာတာပေါ့။ဒါပေမဲ့ အစပိုင်းမှာဆိုရင်တော့ ဘယ်လိုကြည့်လိုကြည့်ရမလဲ ခေါင်းရှုပ်တတ်ပါတယ်။
ဥပမာ
ရှင်းဂျူခုဘူတာ JRရဲ့ လိုင်းမြေပုံကို ဖော်ပြသွားပါမယ်။

လက်ရှိဘူတာနေရာကို ပြထားပါတယ်။ ကိုယ်သွားချင်တဲ့ ဘူတာနာမည်ကို ရှာလိုက်ပါ။ ဈေးနှုန်းရေးထားပါလိမ့်မယ်။
ဥပမာ 品川ကို သွားချင်တယ်ဆို ၂၀၀ ကျသင့်မှာပါ။ လူကြီးဈေးနှုန်း ကို ဖော်ပြထားပါတယ်။ ကလေးကတော့ တစ်ဝက်ဈေးနဲ့စီးလို့ရမှာပါ။

နောက်တစ်ခု
အချိန်စာရင်းကြည့်ရအောင်။အချိန်စာရင်းကတော့ ရထား၊ဘတ်စ်ကား ရေးသားပုံချင်းက အတူတူပါပဲ။ဒါ့ကြောင့် သဘောတရားသိရင် စီးနိုင်ပါပြီ။
နာရီပိုင်းအလိုက် အချိန်ပြသထားပြီး
ဥပမာ
10AM 10 20 30 40 50 60
11AM 5 15 25 35 45 55
ဒီလိုဆိုရင် တစ်နာရီအတွင်း ရထား ၆စီး ပြေးဆွဲပါတယ်။ အဲလို တစ်ရက်စာ ရေးထားတာပေါ့ ။မနက် ၄နာရီမှ ည ၁နာရီအထိ အစဉ်လိုက်ရေးသားထားတာပါ။
အချိန်စာရင်းမရှိလည်း ဖုန်းလေးနှင့် တစ်ချက်ရှာလိုက်ရုံနဲ့ လိုရာခရီးကို သွားနိုင်မှာပါ။
Google ကနေလည်းရှာလို့ရသလို၊ yahoo transit ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ စာရိုက်ရှာနိုင်ပါတယ်။

မေးခွန်း(၄) – လက်မှတ်ဘယ်လိုဖြတ်မလဲ။

လက်မှတ်ကတော့ လက်မှတ်စစ်ပေါက်အနီးမှာပဲ ဝယ်လို့ရပါတယ်။
ဝယ်ယူနည်း
၁)လက်မှတ်ရောင်းချစက် (ticket buying machine)
၂)လက်မှတ်အရောင်းနေရာ (ticket office)
၃)နားမလည်ပါက ဘူတာဝန်ထမ်းကို မေးမြန်းခြင်း ^^ (asking)

လက်မှတ် အမျိုးအစား
၁) ရိုးရိုးလက်မှတ်(စာရွက်)
စီးမယ့်နေ့ လက်မှတ်ရောင်းစက်မှ ဝယ်ယူပြီး၊ နေ့တွင်းချင်း စီးရ။
၂) IC card ( prepaid card)
ငွေဖြည့်သုံးရတဲ့ ကဒ်၊ ကဒ်အမျိုးအစားအမျိုးမျိုးရှိပေမဲ့ တစ်နိုင်ငံလုံးသုံးစွဲနိုင်ပါတယ်။
၃)လပေးလက်မှတ်
စစီးတဲ့ဘူတာကနေ အမြဲသွားလေ့ရှိတဲ့ ဘူတာအထိ၊ သတ်မှတ်ကာလအတွင်း ကြိုက်သလောက်စီးနိုင်ပါတယ်။ရုံးသွားရုံးတက်လပေးနှင့် ကျောင်းသွားပြန်လပေးလက်မှတ်ဆိုပြီး ခွဲထားပါတယ်။ ဝယ်တဲ့အခါ နာမည်နှင့် ဖုန်းနံပါတ်ပြောပြီးဝယ်ရပါတယ်။
၎)အကြိမ်အရေအတွက်လက်မှတ်
ကန့်သတ်အရေအတွက်အတိုင်း စီးနိုင်ပါတယ်။(ဥပမာ – ၁၀ကြိမ်စီးနိုင်တဲ့လက်မှတ်) တစ်စောင်ချင်းဝယ်တာထက်စာရင် ဈေးပိုသက်သာတာပေါ့
၅) one day free ticket
သတ်မှတ်ဧရိယာအတွင်း တစ်ရက် ကြိုက်သလောက်စီးနိုင်ပါတယ်။ရထားလိုင်းအလိုက် ကန့်သတ်ချက်တွေ ကွာခြားပါတယ်။တစ်နေကုန်လျှောက်လည်နေတယ်ဆိုရင် တန်တာပေါ့။ ၃ရက်လက်မှတ်လည်း ရှိပါတယ်။

နောက်တစ်ခု
တန်မှတန်တဲ့ လက်မှတ်ရှိပါတယ်
Seishun 18 ticket
အသက်အရွယ်မရွေး ဝယ်လို့ရနိုင်ပြီး၊တစ်နိုင်ငံလုံး JR line (rapid & local train only) ကို ၅ရက်စာ အဝစီး။ လက်မှတ် ၅စောင်တွဲဖြစ်ပြီး၊ တစ်ဦးတည်းသုံးရင် တစ်လ (သို့) တစ်လခွဲအတွင်း ၅ရက် (ဆက်တိုက်မသုံးလည်းရပါတယ်)။ အုပ်စုလိုက်ဆိုရင် ၅ယောက် တစ်ရက် အဝစီးလက်မှတ်ပါ။
ဈေးကတော့ ယခုနှစ် ယန်း ၁၁၈၅၀ ပါ။(တစ်ခါစီး ၂၃၀၀လောက်ပေါ့) ခွင့်ရက်ရှည်ရလို့ ခရီးထွက်ချင်ရင် အဆင်ပြေတာပေါ့။(အထူးအမြန်ရထားနှင့် ကျည်ဆန်ရထား စီးမရပါ)
ကျွန်မကိုယ်တိုင်လည်း ဒီလက်မှတ်နှင့် တစ်နေကုန်ရထားပတ်စီးဖူးပါတယ်။ တိုကျိုကနေ အိုဆာကာကို သွားတာပေါ့။ရထားအမျိုးမျိုးပြောင်းစီး၊လမ်းကမြို့တစ်မြို့မှာ မုန့်ဝင်စားပြီး၊ပြန်စီးတာ။ တစ်နေကိုကုန်ရော။^^

မေးခွန်း(၅) ရထားစီးတဲ့အခါ ဘာတွေကို ဂရုစိုက်သင့်လဲ။

၁) 優先席 (priority seat)
သက်ကြီးရွယ်အို၊မသန်စွမ်းသူ၊ကိုယ်ဝန်ဆောင်၊ ဝေဒနာခံစားနေရသူကို ဦးစားပေးပြီး ထိုင်ခုံနေရာပေးဖို့ပါ။(တစ်ခါတခါ လူငယ်တွေက ဝင်ဝင်ထိုင်နေကြတာ တွေ့ရပါတယ်၊ သူတို့ထိုင်လည်း ကိုယ်မထိုင်နဲ့ပေါ့)
၂) 女性車両 (ladies only)
weekdays rush hour အချိန်မှာ ရထားတွဲတစ်ခန်းကို အမျိုးသမီးသီးသန့်စီးနိုင်ပါတယ်။
၃) 携帯マナーモード(silent mode)
ဖုန်းသံမြည်တာဟာ ဘေးလူကို အနှောက်အယှက်ဖြစ်စေပြီး၊အထူးသဖြင့် priority seat အနီးမှာဆိုရင် ဖုန်းလှိုင်းက နေထိုင်မကောင်းသူကို ပိုပြီး ကျန်းမာရေးထိခိုက်စေလို့ပါတဲ့ ။
Silentဖြစ်တဲ့အတွက်通話 (voice call ), ヘッドホンの音漏れ (sound leaking out of headphones ) စတာတွေ မလုပ်မိဖို့လည်း အရေးကြီးပါတယ်နော်။

ဘူတာထဲမှာတော့ အထူးသတိထားစရာတော့မလိုပေမဲ့ စက်လှေကားစီးတဲ့အခါတော့ ဘယ်ကပ်၊ညာကပ်ခွဲထားပါသေးတယ်။
တိုကျိုမှာက ဘယ်ဘက်ကပ်ပြီး စက်လှေကားစီးပါတယ်။
အိုဆာကာက ညာဘက်ပါ။ မှားဦးမယ်နော်။

ရထားအကြောင်းပြောပြီးပြီဆိုတော့ တိုကျိုဘက်ကို ရထားသွားစီးကြည့်ရအောင်
တိုကျိုလို့ပြောလိုက်ရင် ခေတ်မီတိုးတက်တဲ့ မြို့တစ်မြို့ဆိုတာ သိကြမှာပါ။ မနက်စောစောကနေ ညဉ့်နက်အချိန်အထိ ရုန်းကန်လှုပ်ရှားနေကြသူများ၊အလည်အပတ်လာရောက်ကြသူများ နှင့် လူစည်ကားတဲ့ မြို့ဖြစ်တော့ လွယ်ကူမြန်ဆန်တဲ့ ပို့ဆောင်ဆက်သွယ်ရေးကလည်း မရှိမဖြစ်။
ပိုမိုအဆင်ပြေပြေ သွားလာနိုင်အောင် သိမှတ်ရသလောက် ဖော်ပြပေးချင်ပါတယ်။
တိုကျိုမြို့မှာ အထူးမြို့နယ်၂၃ခု(ရပ်ကွက်)ရှိပြီး၊ အကျယ်အဝန်း(၆၁၉)စတုရန်းကီလိုမီတာ ဖြစ်ပါတယ်တဲ့။ရန်ကုန်မြို့က (၅၉၈.၈)စတုရန်းကီလိုမီတာကျယ်တော့ နည်းနည်းလေးပဲ ကွာပါတယ်။ရန်ကုန်မြို့လောက်ပဲလို့ မြင်ကြည့်လိုက်ပါ။ မန္တလေးမြို့ထက်တော့ ၅ဆကျော်ကျယ်ပါတယ်တဲ့။(မြို့အနေနှင့်ပဲယှဉ်ပြထားတာနော်၊တိုင်းဒေသကြီးအနေနှင့်ဆို ရန်ကုန်မန္တလေးက ပိုကျယ်တာပေါ့။)
ဒီ၂၃ရပ်ကွက်မှာ မြို့ပတ်ရထား၊မြေအောက်ရထား၊ဘတ်စ်ကားများ နေ့စဉ် ပြေးဆွဲပါတယ်။
အသုံးများတာကတော့ ရထားနှင့် ဘတ်စ်ကား ဖြစ်ပြီး၊ အလုပ်သွားအလုပ်ပြန်၊ကျောင်းတက်ကျောင်းဆင်းချိန်ဆိုရင် လူအပြည့်နှင့် ငပိသိပ်ငါးချဉ်သိပ် လိုက်စီးကြရတာပါပဲ။ rush hour ဆို ရထားတံခါးပိတ်မရလို့ ဘူတာဝန်ထမ်းက အတင်းတွန်းတင်ကြတာ။ လူများတာကိုး။
တိုကျိုမှာ ရထားက အနည်းဆုံး ၃မိနစ်၁စီးထွက်ပြီး၊ အများဆုံး ၁၀မိနစ်၊၁၅မိနစ်လျှင် ၁စီးထွက်လေ့ရှိပါတယ်။ ဒါ့ကြောင့် စောင့်ရရင်လည်း ၃မိနစ်ကနေ ၁၅မိနစ်ပါပဲ။တစ်စီးမမီလည်း နောက်တစ်စီးပေါ့။(နောက်ကျတက်ရင်တော့ အချိန်စောထွက်ရမှာပေါ့နော်)ချိန်းထားတာနဲ့ ကပ်နေပြီဆိုရင်တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ပဲ။ပြေးစီးပေတော့။
မြို့တွင်းဆိုရင်တော့ ရထားလိုင်းအမျိုးမျိုး..
Central Tokyo ရဲ့ ရထားမြေပုံအကျဉ်း JR + private lines

via https://www.japan-guide.com/e/e2017.html

ခဲရောင်နှင့်ဆွဲထားတဲ့ လိုင်းကတော့ Yamanote Line ဖြစ်ပြီး၊ စင်ထရယ်တိုကျိုကို တစ်ပတ်ကြီးပတ်စီးလို့ရတာပေါ့နော်။

 

နောက်ဆုံးအနေနှင့်
တိုကျိုမြို့မှာ အသုံးများတဲ့ IC card အကြောင်းပြောပြချင်ပါတယ်။
Suica
တစ်နိုင်ငံလုံး ဘယ်မှာမဆို သုံးနိုင်ပါတယ်။လက်မှတ်ရောင်းချစက်မှာ ဝယ်ယူနိုင်ပြီး၊ စတင်ဝယ်ယူတဲ့အခါ ကတ်deposit ၅၀၀ အပါအဝင် ယန်း ၁၀၀၀၊၂၀၀၀၊၃၀၀၀၊၄၀၀၀၊၅၀၀၀၊၁၀၀၀၀ စသဖြင့် ဈေးအမျိုးမျိုးနှင့် ဝယ်နိုင်ပါတယ်။ လပေးအနေနှင့်လည်း သုံးနိုင်ပါသေးတယ်။
စဝယ်တဲ့အခါ ၂၀၀၀တန်ဆိုရင် deposit နှုတ် ၁၅၀၀ဖိုး စီးနိုင်မှာပါ။နောက်ပိုင်းကတော့ ကိုယ်ထည့်ရင်ထည့်ထားသလောက်သုံးနိုင်ပါပြီ။ဒီ ကဒ်နှင့် စတိုးဆိုင်တွေနှင့် တစ်ချို့သော စားသောက်ဆိုင်တွေမှာ electronic moneyအနေနှင့် ငွေရှင်းနိုင်ပါသေးတယ်။

Pasmo
တိုကျိုမြို့နှင့် မြို့တော်ဒေသတစ်ဝိုက်ရဲ့ ပုဂ္ဂလိက ရထားလိုင်းတွေ၊မြေအောက်ရထားတွေမှာ အဓိကသုံးတာတွေ့ရပါတယ်။လပေးကဒ်အနေနှင့် လည်း အသုံးပြုနိုင်ပါတယ်။ (သုံးမရတဲ့ နေရာလည်းရှိပါတယ်)

တစ်နိုင်ငံလုံး သုံးနိုင်တဲ့ IC cardတွေကတော့
「Suica」「SAPICA」「Kitaca」「PASMO」「TOICA」「manaca」「ICOCA」「PiTaPa」「SUGOCA」「nimoca」「はやかけん」「odeca」「icsca」「りゅーと」စတဲ့ ကဒ်တွေ ဖြစ်ပါတယ်။
(ထုတ်ထားတဲ့ဒေသကတော့ တိုကျိုဆို「Suica」၊ အိုဆာကာဆို 「ICOCA」)
၁ကဒ်ဝယ်ထားရင် လုံလောက်ပါပြီ။

ဒီနေ့တော့  ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်ရှင့်။

ဒီလောက်ဆို ရထားစီးလို့ရပြီထင်ပါတယ်။
အဆင်ပြေပြေ ရထားစီးနိုင်ပါစေနော်။

 

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗