အကယ်၍ ဂျပန်သန့်ရှင်းရေးနည်းသာ သိထားမယ်ဆိုလျှင် ဘာတွေ ဖြစ်လာမလဲ???

သန့်ရှင်းရေးအကြောင်းမပြောခင် ဥပမာတစ်ခု တင်ပြပါရစေ။

ဂျပန်နိုင်ငံဟာ ကမ္ဘာမှာနာမည်ကြီး နိုင်ငံတစ်ခုပါ။နာမည်ကြီးတဲ့အတိုင်း နေ့စဉ်လုပ်ငန်းဆောင်တာများကိုလည်း အရှိန်အဟုန်နှင့် ဆောင်ရွက်ပါတယ်။ယခင်နှစ်က Fukuokaမြို့ ဟကတဘူတာနားက လမ်းမြေကျွံကျသွားတဲ့ သတင်း ကြားမိတဲ့သူလည်းရှိမှာပါ။ ပြန်လည်ပြင်ဆင်တာချိန်က တစ်ပတ်ပဲကြာလိုက်ပါတယ်။ သတင်းဓာတ်ပုံကြည့်ရန်

ဘာလို့ အဲ့လောက်မြန်ဆန်ရတာလဲ။ စိတ်ကောချရပါ့မလား။စိတ်ချရတာတော့ မပူပါနဲ့။ ပြင်ဆင်ပြီးပြီးချင်းကို ကားအစင်းပေါင်းများစွာ ဖြတ်သန်းသွားလာနေတာ အခုထက်ထိပါပဲ။ထိုနည်းတူ တခြားဖြစ်စဉ်တွေလည်းရှိပါတယ်။ ဒီလိုဖြစ်အောင် ဘယ်လိုအင်အားတွေက ထောက်ပံ့ပေးထားတာလဲ။
အဲ့ဒါနဲ့ပဲ သတင်းအချက်အလက်ရှာကြည့်မိပါတယ်။သူတို့က ဘာ့ကြောင့်လုပ်နိုင်နေတာလဲ။ စု တု ပြု ရမယ်လေ။ ဖြစ်စဉ်တော်တော်များများကို ပြန်ကြည့်ရင် တစ်ခုခုဖြစ်တာနဲ့ သက်ဆိုင်ရာသူများအရင်စုဝေးကာ ဖြေရှင်းချက်ထုတ်လေ့ရှိပါတယ်။ အစည်းအဝေးသဘောပေါ့။
ဒီလမ်းမြေကျွံကျသွားတဲ့ကိစ္စမှာလည်း ဖြစ်ဖြစ်ချင်း ပညာရှင်တွေ စုဝေးကာဆွေးနွေးတိုင်ပင်၊ နေ့ရော ညရော ပြင်ဆင်ကြတာလို့ သတင်းမှာကြည့်လိုက်ရပါသေးတယ်။
အလျင်အမြန် ဖြေရှင်းနိုင်ဖို့ဆိုရင် နေ့စဉ်အလုပ်လုပ်စဉ်ကတည်းက စနစ်တကျစေ့စပ်စွာ အလုပ်လုပ်ထားဖို့ လိုလာပါတယ်။လေ့ကျင့်ထားဖို့လိုတာပေါ့။
ဘယ်လိုလေ့ကျင့်မလဲ။
လေ့ကျင့်နည်းအမြောက်အမြားထဲမှ နည်းတစ်ခုကတော့ ဘယ်လုပ်ငန်းလုပ်လုပ် အဆင်ပြေပြေ ဖြစ်သွားစေမှာပါ။
လေ့ကျင့်မယ်ဆိုရင် သန့်ရှင်းရေးလုပ်နည်းက မဖြစ်မနေလိုလာပါတယ်။
သန့်ရှင်းရေးလုပ်တဲ့အခါမှာ လိုအပ်တဲ့အချက်တွေက ဘာတွေလဲလို့ စဉ်းစားကြည့်ရင် မလိုတာတွေ ရှင်းလင်းသိမ်းဆည်း စွန့်ပစ်ဖို့ မဟုတ်လား။ ဖုန်အရင်သုပ်မလား။ အမှိုက်အရင်သွားပစ်မလား။ လူတိုင်း မိမိကြိုက်သလို ဆောင်ရွက်ကြပေမဲ့ ဖုန်တွေအကုန်ပြောင်သွားမှ တစ်ခါတည်းအမှိုက်ပစ်တာက အချိန်မကုန်တော့ဘူးပေါ့။
ဒီနေရာမှာ ဂျပန်ရဲ့ သန့်ရှင်းရေးနည်းက အသုံးဝင်ပါတယ်။
ဒီသန့်ရှင်းရေးနည်းကို 5s လို့ပြောပါတယ်။ (အိုင်ဖုန်းမဟုတ်ဘူးနော်^^)
(၁) 整理(せいり) (seiri)  မလိုအပ်တဲ့ ပစ္စည်းကို ဖယ်ရှား
(၂) 整頓(せいとん) (seiton)  လိုအပ်မဲ့ ပစ္စည်းကို လိုအပ်တဲ့အချိန်မှာ ချက်ချင်းယူနိုင်အောင် နေရာတကျစီ
(၃) 掃除(そうじ) (souji)  ဖုန်တွေ အမှိုက်တွေကို သုတ်၊ ရှင်းလင်း
(၄) 清潔(せいけつ) (seiketsu)  သန့်ရှင်းမှုကို ဆက်လက်ထိန်းသိမ်း
(၅) 躾(しつけ) (shitsuke) အကျင့်ဖြစ်အောင် ဆောင်ရွက်(လိုက်နာဖြစ်အောင်ဆုံးမပေးခြင်း)
သဘောပေါက်မယ်လို့ ထင်ပါတယ်။
တစ်ချို့ဆီမှာက နံပါတ်၅ အချက် မပါဝင်ဘဲ 4s လို့ ဖော်ပြကြပါတယ်။
ဒီနည်းလမ်းဟာ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးနှင့်အလုပ်သမားဝန်ကြီးဌာနမှ တိုက်တွန်းထားတဲ့ အချက်တွေဖြစ်ပါတယ်။

တိုက်တွန်းရတဲ့ရည်ရွယ်ချက်က အလုပ်နေရာ သန့်ရှင်းစေရေးနှင့် လုပ်ငန်းတွင်ကျယ်စေရေး အတွက်ပါတဲ့။
လုပ်ငန်းတွင်ကျယ်စေရေးနှင့် သက်ဆိုင်ပါရဲ့လား?

လုံးဝသက်ဆိုင်ပါတယ်။
ဥပမာ ကွန်ပြူတာထဲ လုပ်ငန်းဒေတာ သိမ်းဆည်းထားတယ်ဆိုပါစို့။
(၁)လက်ရှိလုပ်ငန်းနှင့် မသက်ဆိုင်သည့် ဒေတာ၊အသုံးမဝင်မလိုအပ်တဲ့ဒေတာများ ၊မလိုအပ်တဲ့ဖိုင်မှန်သမျှ ဖယ်ရှားသိမ်းဆည်း
(၂)လိုအပ်တဲ့ဖိုင်ကို နာမည်ကအစ ရှာရလွယ်အောင် ပြင်ရေး၊ရှာရလွယ်တဲ့နေရာမှာ ပြောင်းသိမ်း(ဖိုင်နာမည်နှင့် သက်ဆိုင်တဲ့အကြောင်းအရာကို သီးသန့်တွဲပြီး ထား၊ folderဖွဲ့ သိမ်း)
(၃)ကွန်ပြူတာမှာ အဖျက်ဗိုင်းရက်စ်တွေရှိမရှိစစ်၊အမှိုက်တွေရှိမရှိ( အဖျက်မှန်သမျှ ရှင်းလင်း)
(၄)ကွန်ပြူတာဒေတာအခြေအနေကို စစ်ဆေး(ရှင်းရှင်းလင်းလင်းထား)
(၅)အမြဲစနစ်တကျစီစဉ်ဆောင်ရွက်(အကျင့်ဖြစ်အောင်လေ့ကျင့်)
ဘယ်လုပ်မှာမဆို အသုံးဝင်တဲ့ 5sဖြစ်ပါတယ်။ ပြဿနာဖြေရှင်းချက်ထုတ်တဲ့အခါမှာ လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်ဖို့ဆိုတာ ပတ်ဝန်းကျင်က ရှင်းရှင်းလင်းလင်းဖြစ်နေဖို့လို့ပါတယ်။အကန့်လိုက် အပိုင်းလိုက်သိမ်းဆည်းထားရမှာပေါ့။ လိုအပ်တဲ့အချိန် လိုအပ်တဲ့အပိုင်းထုတ်သုံးလိုက်ရုံပါပဲ။ ဘယ်လောက်သေးငယ်တဲ့လုပ်ငန်းဖြစ်ပါစေ၊အလုပ်ကြီးဖြစ်ပါစေ အခြေခံသဘောတရားကတော့ ဒီဂျပန်သန့်ရှင်းရေးလို့ပဲ မြင်မိပါတယ်။
အလုံးစုံ အတုယူဖို့ အချိန်ပေးရမှာပါ။လွယ်တော့မလွယ်ပါဘူး^^။ ဆက်လက်ထိန်းသိမ်းတာနှင့် လေ့ကျင့်တာက အခက်ဆုံးလို့ ထင်ပါတယ်။စု တု ပြု နိုင်ပါစေ။
ဒီနေ့တော့ ဒီလောက်ပါပဲ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။နောင်လည်း ကောင်းနိုးရာရာလေးတွေကို တင်ဆက်ပေးသွားပါမယ်။

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗