【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

လူကြိုက်များသော လုပ်ငန်းနှင့် အခွင့်အရေး (၂)

နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်လေ့ရှိတဲ့ အလုပ်အမျိုးအစားများ တင်ဆက်ပေးခဲ့တာ နောက်တစ်ပိုင်းတောင်ရောက်လာပါပြီ။

ဂျပန်မှာ အလုပ်တကယ်ကော လုပ်နိုင်ပါ့မလား…❓

နိုင်ငံခြားသား ခန့်အပ်မယ့် ကုမ္ပဏီကော ရှိပါ့မလား…❓

ဒီလုပ်ငန်းတွေကတော့ အခွင့်အရေးရှိပါတယ် …

(1) နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းများ

(2) ခရီးသွားလုပ်ငန်းနှင့်ဧည့်လမ်းညွှန်လုပ်ငန်း

(3) ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း

(4)  IT ပညာရှင်များနှင့် အင်ဂျင်နီယာလုပ်ငန်းများ

(5)  အလုပ်သင်အလုပ်သမားကြီးကြပ်ရေးလုပ်ငန်းများ

(6) အိမ်ရာဝန်ဆောင်မှုလုပ်ငန်းများ

(7) ဖုန်း၊အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ

(8) စူပါမားကတ်နှင့် အရောင်းဝန်ထမ်းလုပ်ငန်းများ

ဂျပန်မှာ အလုပ်ရှာရာတွင် ဘယ်လုပ်ငန်းကောင်းမလဲ စဉ်းစားမရဖြစ်နေသူ သူငယ်ချင်းတို့ အတွက်
အထောက်အကူဖြစ်မယ်လို့ ယုံကြည်မိပါတယ်။အသေးစိတ်ကို ဆက်ကြည့်ပါနော်။

👉● နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းများ
ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သောလုပ်ငန်းများ (ဥပမာ-ဘဏ်လုပ်ငန်း၊ ငွေချေးလုပ်ငန်းနှင့် အာမခံလုပ်ငန်းများ) ဖြစ်ပါတယ်။ နိုင်ငံခြားသားကုမ္ပဏီဖြစ်သည့်အတွက်ကြောင့် ဂျပန်စာသာမက အင်္ဂလိပ်စာ TOEIC 750မှတ်လောက်လည်းလိုအပ်ပါတယ်။

တစ်နှစ်ဝင်ငွေ အမြင့်ဆုံးပျမ်းမျှယန်းသောင်း800လောက်ရှိပါတယ်။ အရည်အချင်းရှိရင် ရှိသလို။

ဂျပန်စာ Business Level နဲ့ ဘဏ်လုပ်ငန်းသုံးစာရင်းအင်းပညာ (ဥပမာ-簿記boki)ဂျပန်စာရင်းကိုင်လက်မှတ်ရှိထားသူများနဲ့သင့်တော်တဲ့အလုပ်ပါ။

👉● ခရီးသွားလုပ်ငန်းနှင့်ဧည့်လမ်းညွှန်လုပ်ငန်း
ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများကို ပိုမိုတွင်ကျယ်စွာဆောက်ရွက်နေသော ဂျပန်နိုင်ငံတွင် ဒီလုပ်ငန်းကတော့ ယခုနှစ်အတွင်းလူအများစိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

လုပ်ငန်းအကြောင်းအရာကတော့ မိမိနိုင်ငံမှ ဧည့်သည်များအား ဂျပန်ပြည်တွင်းသို့ လိုက်လံပြသပေးရသော ဧည့်လမ်းညွှန်နဲ့ ဂျပန်မှ မြန်မာသို့သွားရောက်လည်ပတ်မည့်သူများအတွက် Tour Plan ရေးဆွဲပေးရပါတယ်။

မြန်မာနိုင်ငံမှလာရောက်လည်ပတ်သော ဧည့်သည်နှုန်းနည်းနေသေးသောကြောင့်အခြားနိုင်ငံတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့ အင်္ဂလိပ်စကားရတဲ့ မြန်မာတွေဆို အလုပ်ကပိုအဆင်ပြေပါတယ်။ ဂျပန်လူမျိုးများလည်း နှစ်သက်တဲ့အလုပ်ဖြစ်တာကြောင့် သူတို့နဲ့ယှဉ် ရင်ဘောင်တန်းပြီး ဂျပန်စကားပြောနိုင်ဖို့တော့လိုပါမယ်။

👉●  ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း
နိုင်ငံခြားသားဝန်ထမ်းခန့်အပ်ခြင်းအများဆုံးလုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်းက နိုင်ငံတကာဧည့်သည်တွေနှင့်ထိတွေ့ဆက်ဆံရသောလုပ်ငန်းဖြစ်တာကြောင့် နိုင်ငံတကာဝန်ထမ်းများခန့်အပ်ခြင်းကို ယခင်နှစ်များထက်ဆတိုးလုပ်ဆောင်နေပါတယ်။ နိုင်ငံခြားသားများအတွက်အလုပ်ရနိုင်ခြေအများဆုံးရှိတဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။

👉●  IT ပညာရှင်များနှင့် အင်ဂျင်နီယာလုပ်ငန်းများ
ယခုနှစ်ပိုင်းတွေမှာတော့ IT နဲ့ အင်ဂျင်နီယာပညာရှင်များကို ဂျပန်နိုင်ငံဆန်းမွန်း၊ တက္ကသိုလ်ဘွဲ့ရများသာမက နိုင်ငံခြားမှ တိုက်ရိုက် အလုပ်ဗီဇာဖြင့်ခေါ်ယူမှုများလည်း အလွန်များပြားလာပါတယ်။

IT ပညာရှင်တွေကို ဗီယက်နမ်မှ အများဆုံးခေါ်ယူနေသော်လည်း ယခုနောက်ပိုင်း မြန်မာနိုင်ငံဘက်မှလည်း ခေါ်ယူမှုတိုးနေပြီဖြစ်ပါတယ်။

အင်ဂျင်နီယာပညာရှင်များကတော့ မြန်မာနိုင်ငံမှ အင်ဂျင်နီယာဘွဲ့ရများကို ဂျပန်စာ N3အဆင့်လောက်ရှိပါက တိုက်ရိုက်ဂျပန်နိုင်ငံသို့ အလုပ်လျှောက်ထားနိုင်သည့်အခွင့်အလမ်းများ ပေါများလာနေပါတယ်။

👉●  အလုပ်သင်အလုပ်သမားကြီးကြပ်ရေးလုပ်ငန်းများ
ဂျပန်နိုင်ငံက လူဦးရေနည်းပါးပြီး လုပ်သားမလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် နိုင်ငံခြားသား လုပ်သားအင်အားတိုးချဲ့ခေါ်ယူပါတယ်။

အလုပ်သင်အလုပ်သမားများကို ကြီးကြပ်ရေးလုပ်ငန်းသည်လည်း လျှောက်ထားသူ များပြားနေပါတယ်။

မိမိနိုင်ငံမှ လာရောက်လုပ်ကိုင်သူများ ဂျပန်တွင်နေထိုင်အလုပ်လုပ်ကိုင်စဉ် လုပ်ငန်းသဘောတရားများကို ဘာသာပြန်ပေးခြင်း၊စကားပြန်ပေးခြင်းနှင့် နေထိုင်စားဝတ်ရေး၊ ကျန်းမာရေး အစရှိသည်တို့ကို ကြီးကြပ်ပေးရပါတယ်။

👉●  အိမ်ရာဝန်ဆောင်မှုလုပ်ငန်းများ
ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားလူဦးရေတိုးများလာသည်နှင့်အမျှ နိုင်ငံခြားသားများကို မိခင်ဘာသာစကားဖြင့်ဝန်ဆောင်မှုပေးနေသည့် အိမ်ရာပွဲစားလုပ်ငန်းမှာလည်း နိုင်ငံခြားသားဝန်ထမ်းခန့်အပ်မှု များလာပါတယ်။

ယခင်ကတရုတ်လူမျိုးများသာ ခန့်သော်လည်း ယခုနောက်ပိုင်း ဗီယက်နမ်၊နီပေါ၊ ထိုင်း၊ မြန်မာလူမျိုးဝန်ထမ်းများလည်း များလာပါတယ်။ Communication Skill ကောင်းဖို့တော့လိုပါတယ်နော်။

👉● ဖုန်း၊အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ
နိုင်ငံခြားသားများကို မိခင်ဘာသာစကားဖြင့် ရှင်းပြနိုင်ရန်ဖုန်းဆိုင်များတွင်လည်း နိုင်ငံခြားသားဝန်ထမ်းခန့်အပ်လာပါတယ်။ ဂျပန်စာ N3 အဆင့်လောက်မှ စ၍ လျှောက်ထားနိုင်ပြီး အရောင်းအဝယ်တွင် ဧည့်သည်နှင့် လိုက်လျောညီထွေဖြစ်ပြီး ဈေးရောင်းတော်သော သူများနှင့်သင့်တော်ပါတယ်။ အရည်အချင်းပေါ်မူတည်ပြီး လစာရပါတယ်။

👉●  စူပါမားကတ်နှင့် အရောင်းဝန်ထမ်းလုပ်ငန်းများ
နိုင်ငံခြားသားဧည့်သည်များကို ဦးတည်ရောင်းသောဆိုင်များ၊ စူပါမားကတ်နှင့် 24နာရီစတိုးဆိုင်လုပ်ငန်းများတွင်လည်း နိုင်ငံခြားသားအလုပ်လုပ်သူများပါတယ်။

▲🎈▲အကြံပြုလိုတာကတော့

မည်သည့်လုပ်ငန်းမှ ကောင်းတယ်။မည်သည့်လုပ်ငန်းမှမကောင်းဘူး ဟူ၍မရှိပါ။ မိမိသင်ယူတတ်မြောက်ထားသော ပညာနဲ့ မိမိဝါသနာပါရာ အလုပ်ထပ်တူကြပါက ထိုသူသည် သူများထက်ပို၍ အောင်မြင်နိုင်ပါတယ်။

တစ်ခါတရံ မိမိဝါသနာပါသည်ဟု တောက်လျှောက်ထင်မှတ်ပြီး တကယ့်လက်တွေ့ လုပ်ငန်းခွင်ဝင်ပါက မိမိစိတ်နှင့်မကိုက်သော အလုပ်များလည်းဖြစ်တတ်ပါတယ်။ အလုပ်မဝင်ခင် Internship သွားခြင်း Seminar များသွားရောက်နားထောင်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ကာ မိမိအမှန်တကယ်စိတ်မဝင်စားပါက လုပ်ငန်းပြောင်း၍ ရှာဖွေသင့်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။

ယနေ့အကြောင်းအရာကတော့ ကျနော်ကျောင်းမှာ သင်ရတဲ့ ဆရာများရဲ့ စကားများကို ကိုးကားပြီး လေ့လာတင်ဆက်ခြင်းဖြစ်ပါတယ်။

အဆင်ပြေပါစေ။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀