အလုပ်လျှောက်ခဲ့သော အတွေ့အကြုံများ (၁)

■Ever Smile

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

ရင်ဆုံး ကျနော့်အကြောင်းလေး အနည်းငယ်ပြောပြပါရစေ——

ကျနော်က မြန်မာစာသင်ကျောင်းတစ်ခုမှာ ဂျပန်တွေကို မြန်မာစာသင်ပေးသောအချိန်ပိုင်းအလုပ်တစ်ခုကို ဂျပန်ရောက်စကတည်းက ၃နှစ်ကျော်လုပ်လာတာ ယခုတိုင်ပါပဲ။ အဲကျောင်းမှာ မြန်မာစာလာသင်သောဂျပန်တွေက မြန်မာတာဝန်ခံအနေနဲ့ ဂျပန်-မြန်မာ အသွားအပြန်လုပ်နေကြတဲ့သူတွေ များပါတယ်။

သူတို့က ကျနော့်ကို ဆရာမဆု ကျောင်းပြီးရင်မြန်မာပြန်ပြီးအလုပ်လုပ်တာ ဝင်ငွေပိုကောင်းနိုင်တယ်၊ ရာထူးကြီးကြီးရနိုင်တယ် စသည်ဖြင့်အမျိုးမျိုးပြောကြသည်က တစ်ကြောင်း

ကျနော်ကိုယ်တိုင်ကလည်း စာသင်ရုံပဲ ဂျပန်မှာနေမယ်ဆိုပြီးဆုံးဖြတ်ထားတာက တစ်ကြောင်နဲ့ ကျောင်းပြီးတာနှင့်ပြန်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။

ဒါကြောင့် ယခုနှစ်3လပိုင်းမှစ၍ 2019ခုနှစ်3လပိုင်းဘွဲ့ရကျောင်းသားများ အလုပ်ရှာဖွေလှုပ်ရှားမှုတွေမှာ မပါဝင်ခဲ့ပါဘူး။

ခြားကျောင်းသားတွေဆိုရင် ၄လပိုင်းမှာ အလုပ်စရှာ——
ဂျပန်နိုင်ငံမှာက နောက်ဆုံးနှစ်စာသင်နှစ်စမှစပြီး အလုပ်လျှောက်ထားခြင်းလုပ်ငန်းများကို စတင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့  လုပ်ငန်းကြီးတွေက 4လပိုင်းလောက်မှ အင်တာဗျူးတွေ စတင်ပြီး 6လပိုင်းလောက်ဆို အလုပ်ခန့်သူစာရင်းထွက်နေကြပါပြီ။

ဥပမာ-လူတိုင်းသိကြတဲ့ Toyota လုပ်ငန်းစု၊ဘဏ်လုပ်ငန်းစု၊ နာမည်ကြီး ခရီးသွားလုပ်ငန်းစု စသည့်လုပ်ငန်းတွေသည် 6လပိုင်းလောက်ဆို နောက်နှစ်အတွက် ခန့်အပ်လူဦးရေလူသစ်စာရင်းထွက်နေကြပါပြီ။

ဒါကြောင့် ကျောင်းတွေမှာ ဆရာတွေက လုပ်ငန်းကြီးတွေမှာအလုပ်လုပ်ချင်ကြရင် 4လပိုင်းနှစ်စကတည်းက အလုပ်လျှောက်ကြဖို့ အလွန်ပင်တိုက်တွန်းကြပါတယ်။ ကျနော်တို့လို ပညာသင်ကျောင်းသားတွေအနေနဲ့ကတော့ အင်တာဗျူးအတွေ့အကြုံရအောင် 4လပိုင်းမှ စပြီး အလုပ်လျှောက်စေချင်ကြတာလည်းဖြစ်ပါတယ်။

အလုပ်ကြော်ငြာဝက်ဘ်ဆိုဒ် My navi နဲ့ Riku Navi မှာလည်း member ဝင်ပြီး အလုပ်ခေါ်နေတဲ့ ကုမ္ပဏီသတင်းအချက်အလက်တွေကို ဝင်ကြည့်ကြပါတယ်။

ကျနော်ကတော့ ၈လပိုင်းမှ စရှာဖြစ်——

ကျနော်ကတော့ 8လပိုင်းနွေရာသီမှာဘဲ ဂျပန်မှာ ဆက်နေချင်တာ ပိုသိလာတယ်။ ပြန်မယ်လို့စဉ်းစားကြည့်ရင်မပြန်ချင်တာကို မိမိဘာသာသိလာတယ်။ ဒါနဲ့ နောင်တမရချင်တာနဲ့ နွေပိတ်ရက်မှာ မိမိစိတ်ဝင်စားတဲ့ အလုပ်တွေကို ရှာကြည့်ပြီး 8လပိုင်းလဝက်မှ 9လပိုင်းလကုန်အထိ အချိန်တစ်လခွဲ ကုမ္ပဏီက Seminar သွားခဲ့ တာက 20ခုလောက်။ သွားပြီးမကြိုက်လို့ ဒီအတိုင်းရပ်လိုက်ပြီး တကယ်အလုပ်လျှောက်ခဲ့တာကတော့ 8ခုပါ။ အလုပ်ခန့်ခံရတာကတော့ 3ခုပါ။ နောက်တစ်ပိုင်းမှာ အတွေ့အကြုံနဲ့ လျှောက်ခဲ့သော လုပ်ငန်းတွေကို ရေးပေးပါ့မယ်။

လပိုင်းကတည်း အလုပ်ရှာခြင်း သုံးသပ်ချက် ——

4လပိုင်းကတည်းကအလုပ်လျှောက်တာက ကောင်းတာလည်းရှိသလို သိပ်အားမပေးချင်တာလည်းရှိပါတယ်။ ဆရာတွေက 4လပိုင်းကတည်းက အလုပ်လျှောက်စေချင်တာက အင်တာဗျူးဖြေတဲ့အတွေ့အကြုံတွေရစေချင်လို့ပါ။ အင်တာဗျူးက စာကျက်သလိုကျက်လို့မရပါဘူး။ ကြိုတင်ပြင်ဆင်ထားရင်အောင်နိုင်တဲ့ အဆင့်တွေလည်းရှိသလို မိမိအတွင်းစိတ်ကို သိချင်တဲ့အတွက် ထင်မှတ်မထားတဲ့မေးခွန်းတွေအမေးခံရတာလည်းရှိပါတယ်။
အားသာချက် ➠ ကတော့ မိမိမှာလည်း အရည်အချင်းရှိမယ်ဆိုရင် လုပ်ငန်းကြီးတွေမှာ အလုပ်ရနိုင်ပါတယ်။

အလုပ်မရလည်းဘဲ အင်တာဗျူးတွေသွားပါများပါက အတွေ့အကြုံမှ မေးခွန်းအမေးခံရတာတွေက တူလာပြီး အရင်မိမိထိုမေးခွန်းကို ကောင်းစွာမဖြေနိုင်ခဲ့ရင်တောင်မှ တခါအမေးခံရဘူးတဲ့မေးခွန်းမျိုးဆိုရင် Note မှတ်ထားပြီးပြင်ဆင်ထားမယ်ဆိုရင် နောက်ပိုင်းမှာ မိမိအတွက်အကျိုးရှိနိုင်ပါတယ်။

အားနည်းချက်➠ ကတော့ အလုပ်စလျှောက်ပြီဆိုရင် အချိန်ကုန်၊ငွေကုန်ပါမယ်။ ခရီးစားရိတ်၊ အချိန်ပိုင်းအလုပ်တွေနားရလို ဝင်ငွေလည်းနည်းပါလိမ့်မယ်။ ကျောင်းလခတွေအချိန်မီ မသွင်းနိုင်မှာကိုလည်း စိတ်မပူလို့မရပါနော်။ ကျနော့် သူငယ်ချင်းတွေ 4လပိုင်းကတည်းကလှုပ်ရှားသူတွေဆီမှ အတွေ့အကြုံအရဆိုရင် ကုမ္ပဏီတွေဘက်မှလည်း စောနေသေး၍ လူကို အလွန်တော်သောသူများကိုသာ စစ်ထုတ်ခန့်ကြပါတယ်။ မိမိမညံ့ပါသော်လည်း အင်တာဗျူးတွေ အကျများလာသောအခါ စိတ်ဓါတ်ကျလာကြပါတယ်။

ဒါပေမယ့်လည်း 4လပိုင်းကတည်းက အလုပ်စလျှောက်ပြီး သေသေချာချာ ပြင်ဆင်မှုရှိပါက ကျိုးစားမှုရလဒ်အနေနဲ့ 8လပိုင်းမတိုင်ခင်လောက်မှာ အလုပ်ရသွားကြတဲ့သူတွေလည်းများပါတယ်။ ပျမ်းမျှ တစ်ယောက်ကို ကုမ္ပဏီ အနည်းဆုံး 15ခု 20ခုလောက်သွားခဲ့ကြပါတယ်။

လုပ်လျှောက်ထားရာ အဆင့်ဆင့်ကတော့——

ဂျပန်နိုင်ငံမှာ အလုပ်တခုလျှောက်မယ်ဆိုရင် အများသောအားဖြင့် အောက်ပါအစီအစဉ်အတိုင်း လုပ်ဆောင်ရတာများပါတယ်။

1. Seminar တက်ရောက်ခြင်း
➠ ကုမ္ပဏီအကြောင်းကို မိမိကုမ္ပဏီကို အလုပ်လျှောက်ဖို့စိတ်ဝင်စားနေတဲ့သူတွေကို ရှင်းပြတဲ့ပွဲပဲဖြစ်ပါတယ်။ ဒီမှာ အလုပ်လုပ်မယ်ဆိုရင်လုပ်ရမယ့် အလုပ်ကို မိတ်ဆက်ခြင်း၊ Senior များရဲ့ အင်တာဗျူးများကို ပြသခြင်း၊ မိမိအတွက် မည်သို့မည်ပုံတက်လမ်းများရှိသည်ကို မိတ်ဆက်၍ မိမိကုမ္ပဏီတွင် အလုပ်လျှောက်စေလိုသော ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီကို ကြော်ငြာတဲ့ပွဲလေးလို့ ပြောရင်လည်းမမှားလောက်ပါဘူး။

2. Group Discussion လုပ်ဆောင်ခြင်း
➠ အများအားဖြင့် Seminar ပြီး စိတ်ဝင်စားတဲ့သူတွေက ဆက်လက်ပါဝင်ဆင်နွှဲကြတာများပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် မိမိတို့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုပေးပြီး ကျောင်းသားတွေကို အုပ်စုခွဲပြီး အဖွဲ့လိုက်လုပ်ဆောင်နိုင်သောစွမ်းရည်ရှိမရှိစစ်သောစာမေးပွဲဖြစ်ပါတယ်။

3. Group Interview ဖြေဆိုရခြင်း
➠ တူညီတဲ့မေးခွန်းကို အင်တာဗျူးသူ ၂ဦး မှ 4ဦးက အလုပ်လျှောက်ထားသူ 2ဦးမှ 5ဦးကို အလှည့်ကျ မေးခြင်းဖြစ်ပါတယ်။ ဒီအဆင့်က ကြိုတင်ပြင်ဆင်ထားပါက အောင်နိုင်ခြေများပါတယ်။

4. Personal Interview ၁ကြိမ်/၂ကြိမ်
➠ ဒီအင်တာဗျူးကတော့ မိမိစိတ်ကိုစစ်တဲ့ အင်တာဗျုးပါ။ မိမိက ဘယ်လိုလူမျိုးလဲ၊ အလုပ်နဲ့ မိမိစိတ်အခြေအနေကိုက်ညီမှုရှိမရှိ၊ အထက်လူကြီးက မိမိနဲ့ အတူတူအလုပ်လုပ်ချင်စိတ်ရှိမရှိကို စစ်တဲ့ အဆင့်လို့ထင်ပါတယ်။ PCကနေဖြေရတဲ့စာမေးပွဲကို မိမိအိမ်PCမှသော်လည်းကောင်း အလုပ်တွင်လည်းကောင်းဖြေဆိုရပါတယ်။ စိတ်ကိုစစ်တဲ့ စာမေးပွဲပါ အဖြေက အမှန်အမှားမရှိပါဘူး။

5. Final Interview
➠ အများအားဖြင့် သူဌေးကိုယ်တိုင်ဗျူးသော အဆင့်ကများပါတယ်။ သူဌေးမဟုတ်ရင်တောင်မှ ဒါရိုက်တာ/ရာထူးကြီးများမှ မေးပါတယ်။

6. Unofficial Offer အလုပ်ခန့်အပ်ခြင်း
➠ ဒါတော့ အလုပ်ခန့်လိုက်ပြီလို့ အကြောင်းကြားတာဖြစ်လို့ ရရင်တော့ စိတ်အေးရပြီပေါ့နော့်။

နောက်တစ်ပိုင်းမှာ ကျနော်ဘယ်လို လုပ်ငန်းတွေကို လျှောက်ခဲ့လဲဆိုတာကို ဆက်လက်တင်ပြပါ့မယ်။

အားလုံးပဲအဆင်ပြေကြပါစေနော်။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀