အလုပ်လျှောက်ခဲ့သော အတွေ့အကြုံများ (၂)

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

◈Ever Smile
အလုပ်လျှောက်တွေ့အကြုံ အဆက်လေးကို ဆက်လက်တင်ပြပါရစေနော်။

မိမိစိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ဖို့ ပြောပါရစေ။

အလုပ်စလျှောက်တော့မယ်ဆိုရင် အရင်ဦးဆုံး မိမိက ဘယ်လုပ်ငန်းအမျိုးအစားကို စိတ်ဝင်စားတယ်ဆိုတာကို အရင်အဖြေရှာပါ။
ဥပမာ- ဟိုတယ်နှင့်ခရီးသွားလာရေးကိုကြိုက်တယ်ဆိုရင် အရင်ဆုံးဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းတွေမှကျင်းပတဲ့ Seminar တွေတက်ကြည့်ပါ။

ကျနော်သွားတဲ့ကုမ္ပဏီseminar က အခု၂၀ 

ကျနော်သွားခဲ့တဲ့ Seminar တွေက

Hotel &Tourism
Manufacturing Company
Restaurant
Marketing
Accounting
Office Staff လုပ်ငန်းတွေပါ။

လက်တွေ့ ဖြေဖြစ်ခဲ့တာက ကုမ္ပဏီ ၈ခု 

ဂျပန်Fashion Brand ယူနီကလို
Company Seminar ကို အရင် တက်မယ်ဆိုတာကို My Navi, Riku Navi ကနေ လျှောက်ထားရပါတယ်။

အဲနေ့မှာပဲ Group Discussion ဆက်တိုက်လုပ်ရပါတယ်။ ခေါင်းစဉ်ကနေ့အလိုက်အပြောင်းအလဲရှိပေမယ့် ကျနော်ဖြေခဲ့တဲ့နေ့က ခေါင်းစဉ်က
“သင်လုပ်နေတဲ့ ဆိုင်ကို အရောင်းမြင့်တင်ရန်အတွက် သင်ဘာလုပ်မည်နည်း။”
မိမိအဖွဲ့ဝင်တွေနဲ့ ပေးထားတဲ့ အချိန်အတွင်းမှာ တာဝန်ခွဲဝေ (မည်သူက မည်သည့်တာဝန်ယူမည်ကို သတ်မှတ်ကာ)

idea တွေ ပြောတယောက်တမျိုးပြောကြပြီးနောက်မှ အဖြေထုတ်ခြင်းပါ။ အဖွဲ့ကသတ်မှတ်ထားတဲ့ အဖြေကို တယောက်က ရှေ့မှာ ထွက်ပြောရပါတယ်။
အဲဒီနောက်မှာတော့ ဒီအဆင့် အောင်သူတွေကို ခုံနံပါတ်နဲ့ကြေငြာပြီး အောင်ပါက နောက်တဆင့်အထိ တရက်ထဲမှာပဲလုပ်ခဲ့ရပါတယ်။
Group Discussion မှာ 5ယောက်တစ်ဖွဲ့ ဝင်ရပါတယ်။

မေးခွန်းတွေက “ဘာကြောင့် ဒီမှာလုပ်ချင်တာလဲ။ အားနည်းချက်၊ ဧည့်သည်က Complain ပြောလာပါက သင်ဘယ်လိုဖြေရှင်းမလဲ၊ နောက်5နှစ်မှာ သင်မျှော်မှန်းထားတဲ့ သင့်ပုံစံ။” ကျနော်ကတော့ ဒီအဆင့်မှာပဲ ပြုတ်ခဲ့ပါတယ်။

Ace ဂျပန်အိတ်Company

Seminar သွားခဲ့ပါတယ်။ ပြီးတာနဲ့ ချက်ချင်း SPI ရေးဖြေစစ်ပါတယ်။<spiဆိုတာက Synthetic Personality Inventory လက်တွေ့စွမ်းရည်ဗဟုသုတ စစ်ဆေးခြင်းပါ>

သင်္ချာတွက်တာကလွဲလို့ တော်တော်များများကို မဖြေနိုင်ခဲ့ပါဘူး။ ဥပမာ-2020အိုလံပစ် နေရာသတ်မှတ်အစည်းအဝေးကို ဘယ်နေ့က ကျင်းပခဲ့တာလဲ၊ တိုကျိုမြို့တော်ဝန်နာမည်၊ ဂျပန်စကားပုံများ စသည်ဖြင့် မေးခွန်းက ဂျပန်လူမျိုး နိုင်ငံခြားသား အားလုံးအတူတူပါဘဲ။ ကျနော်ကတော့ ဒီနေရာမှာပဲ အဆုံးသတ်ခဲ့ပါတယ်။

Sapporo Company
မားကတ်တင်းဆင်းပြီး Auto Juice Machine စက်တွေကို ဘယ်လိုနေရာတွေမှာ ထားသင့်တယ်၊သုံးသင့်တယ် စသဖြင့် အကြံပေးအလုပ်ပါ။

Seminar➠Group Interview➠Personal Interview➠Final Interview အဆင့်အတိုင်းပါပဲ။

Personal Interview က ၂ခါပါ။ ပထမတစ်ခါအောင်တဲ့သူကို mailထဲကနေ မိမိPC နဲ့ စာမေးပွဲဖြေရပါတယ်။ မေးခွန်းကအပိုင်း၃ပိုင်းပါ။

ပထမပိုင်းက မိမိက ဘယ်လိုလူမျိုးလဲဆိုတာကို စစ်တဲ့ စာမေးပွဲပါ။ အဖြေမှန်မရှိပါဘူး။

ဒုတိယအပိုင်းက သင်္ချာအတွက် မေးခွန်းတွေပါ။ သတ်မှတ်ချိန်ကျော်သွားပါက Log ကျသွားပါတယ်။ ဆက်ဖြေလို့မရတော့ပါ။ အချိန်မကျော်စေရန်အထူးသတိရှိပါ။

နောက်ဆုံးမေးခွန်းက ပုံဆက်ခိုင်းတာက သင်စိတ်ကြိုက်ပေးထားသော အစိတ်အပိုင်းများကို အသုံးပြု၍ ပုံတစ်ပုံဆက်ပါ။ ဒီအဆင့်အထိအောင်ခဲ့ပါတယ်။

Final Interview မှာ ပြုတ်ခဲ့ပါတယ်။

ပြန်သုံးသပ်ချက် >> ပြန်သုံးသပ်ကြည့်တာကတော့ သူတို့တွေက CV ကိုကြည့်ပြီး အသေးစိတ်ပြန်မေးတာပါ။ ကျနော်က မြန်မာနိုင်ငံမှာ အလုပ်2ခု အတွေ့အကြုံရေးထားပါတယ်။

သူတို့က “ပထမတစ်ခုကနေ နောက်တစ်ခုကို ဘာလို့ ပြောင်းတာလဲ”လို့ မေးပါတယ်။ ကျနော်က “အတွေ့အကြုံသစ်လိုချင်ပြီး ပိုကောင်းတဲ့ရာထူးလစာ ရလို့ပါ”လို့ ဖြေလိုက်တာကို သိပ်ကြိုက်ပုံမရဘူးလို့ တော့ ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်မိပါတယ်။

“အနာဂတ်တိုးတက်လမ်းရှိမယ်ဆို အလုပ်ပြောင်းမယ်ပေါ့”လို့ ထပ်မေးတာခံရပါတယ်။ Personal Interview က CV ထဲမှာ ရေးထားတာကို သူတို့က အကုန်မေးပါတယ်။ ပထမလူမေးထားပြီးသားက သူတို့က မှတ်ထားပါတယ်။ ဒါကြောင့် အဆင့်ထပ်တက်ရင် နောက်လူက ကျန်တာကို ဆက်မေးပါတယ်။

Yodobashi Camera
ကျနော်Seminar အရင်သွားပါတယ်။ အဲနေ့မှာပဲ Group Discussion လုပ်ရပါတယ်။

ခေါင်းစဉ်က “နေ့တိုင်း ကောက်ရတဲ့ကျောက်ခဲတစ်လုံးကို ဘယ်လိုရောင်းကုန်အဖြစ်နဲ့ရောင်းမလဲ” နှင့်

စက္ကူပေးပြီး “အမြင့်ကို တာဝါတည်ဆောက်ပါ”ဆိုတဲ့ ခေါင်းစဉ်ပါ။

Group Interview ကတော့ ယူနီကလိုနဲ့မေးတာတော်တော်များများ တူပါတယ်။ Personal Interview မှာ အဆုံးသတ်သွားပါတယ်။

အထက်ပါအလုပ်4ခုလုံးသည် အရောင်းပိုင်းလုပ်ငန်းလို့ ပြောလို့ရပါတယ်။ ဒီမှာတင်ကျနော် တစ်ချက် ကိုယ့်ဘာသာပြန်သုံးသပ်တယ် မားကတ်တင်းသမားတယောက်အရည်အချင်းမရှိလို့ အလုပ်မရတာများလားဆိုပြီး မတူတဲ့ လုပ်ငန်းပြောင်းလျှောက်ပါတယ်။

Seminar တက်တဲ့အခါ

Seminarမှာ သူတို့ပြောတဲ့ လျှောက်ထားလို့ရတဲ့အရည်အချင်းမိမိနဲ့ကိုက်တယ်ဆိုပါက ထိုနေ့မှာပဲ Group Discussion လုပ်ခိုင်းတာတွေလည်းရှိပါတယ်။

မိမိမှာ Team Work ရှိမရှိစစ်တာဖြစ်လို့ ဒီနေရာမှာပဲ အကြိမ်ကြိမ်ကျနေမယ်ဆိုရင်တော့ မိမိမှာ ဘာအားနည်းချက်ရှိသလဲ ဆိုတာကို ပြန်လည်းဆန်းစစ်ဖို့လိုမယ်လို့ ထင်ပါတယ်။

➠ Group Discussion ဆိုသည်မှာ သူများက ပြောနေတာတွေကို No လို့ မငြင်းရပါ။ ခေါင်းစဉ်နဲ့ လုံးဝကွဲနေတဲ့ idea ကိုပြောတဲ့သူရှိရင်တောင်မှ No လို့ တန်းငြင်းလို့မရပါဘူး။ အုပ်စုလိုက်စွမ်းရည်ကို စစ်တာဖြစ်လို့ တကိုယ်ကောင်းဆန်လို့မရပါဘူး။
နောက်တစ်ဆင့်တက်မယ်ဆိုရင်တော့ Group Interview ပါ။ ဒီအဆင့်က မေးခွန်းတွေက ခန့်မှန်းလို့ရတာတွေများလို့ လေ့လာပြင်ဆင်ထားမယ်ဆိုပါက အောင်နိုင်ပါတယ်။

လုပ်ငန်းအမျိုးအစားတူတာတွေကို အတူတူလျှောက်စေချင်တာ ဒီအဆင့်အတွက်ပါ။ “Motivation ကို ပြောပါ” ဆိုတဲ့ မေးခွန်းကို တော်တော်များများမေးကြပါတယ်။

ဘာကြောင့် ဒီလုပ်ငန်းအမျိုးအစားကို စိတ်ဝင်စားတယ်ဆိုတာရယ် ဘာကြောင့်ဒီကုမ္ပဏီ မှာ အလုပ်ဝင်ချင်တယ်ဆိုတာရယ်ကို သူတို့ရဲ့ Seminar သို့ အလုပ်ခေါ်Page မှာ ကြည့်ပြီးကိုးကားပြောရပါတယ်။ လုပ်ငန်းအမျိုးအစားတူတာတွေ လျှောက်ပါက ကုမ္ပဏီ နေရာကိုပဲ ပြင်ပြီး မှတ်ထားမယ်ဆိုရင် အဆင်ပြေပါတယ်။

နောက်ထပ်မေးတတ်တာလေးတွေက မိမိရဲ့ အားသာချက်၊ အားနည်းချက် ကိုပါ။ ဝါသနာကိုလည်း တစ်ခါတလေ မေးတတ်ပါတယ်။

ကျနော့်အတွေ့အကြုံများကို ဝေမျှရင်း အားလုံးလည်း အလုပ်အကိုင်ကောင်းတွေရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးနေပါတယ်နော်။

ကျနော်ဖြေခဲ့တာ ၈ခုဆိုတော့ ကျန် ၄ခုကို နောက်တစ်ပိုင်းမှာ ဆက်လက်တင်ပြပေးပါမယ်။

◈Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀