စိတ်ဆိုးလာရင်ဘာလုပ်ကြမလဲ_လုပ်ငန်းခွင် အဆင်ပြေစေရေး

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■SM

သည်းကျော်ချန်တို့ရေ……..ဒီတခါမိမိတို့စိတ်ထဲမှာစိတ်ဆိုးခြင်း၊စိတ်တိုခြင်းများနဲ့တွေ့ကြုံရတဲ့အခါ

မိမိတို့အနေနဲ့ဘယ်လိုထိန်းချုပ်သင့်သလဲ။

မိမိကစိတ်ဆိုးလို့ဖြစ်စေ၊စိတ်ဆိုးခံရလို့ဖြစ်စေ anger management ကိုကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်ကျွန်မတို့ရဲ့နေ့စဉ်ဘဝတွေဟာပိုမိုပျော်ရွှင်လာလိမ့်မယ်လို့ထင်ပါတယ်။ ဂျပန်လူမျိုးများရဲ့ နည်းလမ်းလေးများကို ကိုးကားတင်ဆက်လိုက်ပါတယ်။ အလုပ်ခွင်မှာ အသုံးဝင်မယ့် နည်းလမ်းလေးကိုလည်း အရယူလိုက်ပါ။

✿လုပ်ငန်းခွင်ထဲက လူမှုဆက်ဆံရေးဆိုတာ

တစ်ယောက်နဲ့တယောက် ပြောဆိုဆက်ဆံကြတဲ့အခါမှာအပြန်အလှန်စိတ်ခုတတ်ကြတာမျိုးတွေရှိတတ်သလို၊အလုပ်မတွင်ကျယ်တာမျိုးတွေရှိကြပါတယ်။

စိတ်ခုနေတာလေးကို ပြင်လိုက်နိုင်ရင် အလုပ်အဆင်ပြေသွားနိုင်မလား။

ကျွန်မတို့ဟာ စိတ်မြန်ကိုယ်မြန်ရှိတဲ့အထဲမှာ ပါတယ်။ဒါလေးကို ထိန်းပြီး

ကျွန်မဒီနေ့ပြောပြချင်တာတွေကိုအကြောင်းအရာ၎မျိုးခွဲပြီးတော့ပြောပါ့မယ်။

 

Why

✦ ဘာကြောင့် ဒေါသဖြစ်ရလဲ


ကျွန်မတို့လူသားများဟာ “ဒေါသ”ကိုခံစားရတဲ့အခြေအနေက အများအားဖြင့် မိမိအသိအမှတ်ပြုခံချင်သူဆီက အသိအမှတ်ပြုမခံရချိန် ၊

ပတ်ဝန်းကျင်ဆီက မိမိမျှော်လင့်ထားသလို တုံ့ပြန်မှုမရတဲ့အချိန်တွေမှာ ခံစားကြရပါတယ်။

အထူးသဖြင့် အလုပ်ထဲမှာဆိုရင်

မိမိရဲ့တောင်းဆိုချက်ကို တစ်ဖက်သားက သေသေချာချာဂရုစိုက်ပြီး နားထောင်ပေးစေလိုတဲ့အချိန်၊

မိမိရဲ့ကြိုးစားမှုကို အထက်လူကြီးကသတိထားပြီး ချီးမွမ်းစေချင်တဲ့အချိန်၊

မိမိရဲ့ရောက်ရှိနေတဲ့နေရာ ဒါမှမဟုတ် ရာထူးကို အများက အသိအမှတ်ပြုပေးစေချင်တဲ့အချိန် ဆိုပြီးအမျိုးမျိုးရှိကြပါတယ်။

လူကြီးသာမက ကလေးငယ်လေးတွေဆီမှာလည်း မိမိလိုချင်တာမရ၊ ဖြစ်ချင်တာမဖြစ်ရရင် စိတ်ဆိုးပြီးငိုယိုတောင်းဆိုမှုတွေ ပြုကြပါတယ်။ ဒါကကလေးဖြစ်တာကိုး။

✿ လူကြီးဆိုရင်ကောဒီလိုလုပ်လို့ရပါ့မလား။

✿ မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင် လူကြီးဆိုတာက မိမိကိုယ်ကို ထိန်းချုပ်ဆန်းစစ်နိုင်မှန်း လက်ခံထားကြလို့ပါပဲ။

လူကြီးတယောက်ဖြစ်နေလို့ ရင်ထဲကဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲမှုဟာ အပြင်မှာထုတ်ပြဖို့မဖြစ်နိုင်ဘူး။ မိမိရင်ထဲကဆန္ဒကို တဖက်သားသိအောင် မပြောပြနိုင်တွေဖြစ်လာမယ်။ ဒီအချိန်မှာ မိမိရဲ့ဖြစ်တည်မှု အကောင်းအဆိုးအားလုံးကို လက်ခံစေချင်လာပြီး၊ မျှော်လင့်သလိုဖြစ်မလာရင်တော့ တစ်ဖက်လူကို အပြစ်ပုံချတော့တာပါပဲ။

 

Reason

✦ ဒေါသဖြစ်စေတဲ့အကြောင်းအရင်း


မကြာခဏ ဒေါသဖြစ်ပေါက်ကွဲတတ်တဲ့သူများဟာ အများအားဖြင့် ငယ်စဉ်ကလေးဘဝက မိဘရဲ့နွေးထွေးစွာ ဆက်ဆံမှုမရခဲ့သူ၊ မိဘရဲ့စည်းကမ်းတင်းကြပ်မှု ချိုးနှိမ်မှုတွေအောက်မှာ ကြီးပြင်းခဲ့ရသူတွေဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာလည်း သားသမီးကိုပျက်စီးမှာစိုးလို့ဆိုပြီး အမျိုးမျိုးချိုးနှိမ်ထားတဲ့ မိဘတွေကိုတွေ့ဖူးပါတယ်။

တော်တော်များများကတော့ သားသမီးကောင်းစားစေချင်လို့ဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမဲ့စိတ်ဒဏ်ရာဖြစ်စေတဲ့အထိ ဆုံးမကြမယ်ဆိုရင်တော့ ဒါဟာမှန်ကန်တဲ့ နည်းလမ်းဖြစ်ပါရဲ့လား ဆိုတာ ပြန်ပြီးသုံးသပ်စရာပါ။ မိဘများအနေနဲ့ မိမိသားသမီးအပေါ် အများကြီးမျှော်လင့်သလို၊ မျှော်လင့်ချက်ကြီးတွေလည်း ထားတတ်ကြပါတယ်။ အဲလိုမျှော်လင့်ချက်ထားတဲ့အခါမှာ သားသမီးတွေအနေနဲ့ မိမိလုပ်ချင်တာ လုပ်ခွင့်မရကြတော့ပါဘူး။ လူသားတယောက်အနေနဲ့ မိမိဆန္ဒကော၊ မိသားစုဆန္ဒပါ ဖြည့်ဆည်းပေးဖို့ဆိုတာ ခက်ခဲပါတယ်။ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတယောက်အနေနဲ့ မိမိတက်ချင်တာက ကွန်ပျူတာတက္ကသိုလ်၊ အိမ်ကမိဘကတက်စေချင်တာ ဆေးတက္ကသိုလ်ဆိုရင် ဆုံးဖြတ်ရခက်ပါပြီ။ ဒီအချိန်မှာ ကလေးတယောက်အနေနဲ့ မိဘဆုံးဖြတ်ချက်အတိုင်း လိုက်လုပ်ဖို့ရာခိုင်နှုန်းများနေပါပြီ။

မိမိဆန္ဒအတိုင်း ဆုံးဖြတ်ချက်ချလိုက်ရင် ကိုယ့်ဆန္ဒဦးစားပေးဖြစ်သွားလို့ မိဘတွေအပေါ် မတရားသလိုလို၊ အမှားတခုကျူးလွန်မိသလို ခံစားရတာအမှန်ပါပဲ။ တဆက်ထဲမှာပဲ မိဘဆန္ဒအတိုင်း မလုပ်နိုင်ခဲ့လို့ မိမိကိုယ်မိမိ ခွင့်မလွှတ်နိုင်သလိုလို ခံစားလာရပြီး ကိုယ်ပိုင်ယုံကြည်မှုလည်း နဲလာနိုင်ပါတယ်။ မိမိရဲ့စိတ်အတွင်းဘက်က လိုချင်တာဟာ ဘာမှန်းသိမှာမဟုတ်တော့သလို၊ မိမိရဲ့လိုအပ်ချက်ဟာဘာမှန်းမသိတဲ့ ကလေးအများစုဟာ မိဘဆန္ဒဦးစားပေးခဲ့ရသူတွေ ဖြစ်နေကြပါတယ်။

 

Behavior

✦ ဒေါသမထိန်းနိုင်သူတွေရဲ့ထူးခြားတဲ့အပြုအမူ


ဒေါသဖြစ်လွယ်တဲ့သူများဟာ အများအားဖြင့် လုပ်ငန်းခွင်ထဲရောက်ရင် နားမလည်တာရှိလည်း မေးရင်သူများအပြောခံရမှာစိုးလို့ နားလည်ချင်သယောင် ဆောင်တတ်ကြပါတယ်။ အိမ်က မိဘက ငယ်စဉ်တုန်းက နားမလည်တာပြန်မေးလို့ ဆူခံရတာ ခဏခဏခံရသူဟာ အလုပ်ထဲမှာရောက်ရင်လည်း အလားတူအပြောခံရမှာစိုးလို့ နားမလည်လည်း ပြန်မေးခဲပါတယ်။ အပြင်ပန်းပုံစံကြည့်ရင် သူတို့တွေဟာဘာမဆိုတတ်တဲ့ပုံစံ ဖမ်းကြပါတယ်။ မိမိကိုယ်ကို နံပါတ်တစ်နေရာမှာ ထားပြီးဘာမဆို တကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်ကြပါတယ်။ တဖက်လူဒုက္ခရောက်ပြီဆိုရင် ကြိတ်ပြီးဝမ်းသာတတ်ကြသလို၊စိတ်ပိုင်းဆိုင်ရာရောဂါများလည်း ခံစားနေရတာ တွေ့ရတတ်ပါတယ်။ တဖက်သူကသူတို့အပေါ် အပြစ်တင်ပြောဆိုမယ်ဆိုရင် သူတို့တွေဟာ ချက်ချင်း လက်တုံ့ပြန်တတ်ကြသူတွေဖြစ်ပါတယ်။ သူတပါးအပေါ် အပြစ်တင်ဖို့လည်း ဝန်မလေးသူတွေပါ။ တဖက်မှာလည်း အားလုံးရဲ့အသိအမှတ်ပြုမှု၊ ချီးမွမ်းမှုများကို အင်မတန်ခံချင်ကြသူတွေပါ။

 

How

✦ ဒေါသထွက်နေသူနဲ့ ကြုံရင်ဘာလုပ်မလဲ


အထက်လူကြီးက အလုပ်နဲ့ပတ်သက်ပြီး ခေါ်ဆူပြီဆိုရင် မိမိမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ချက်ချင်းရှင်းပြဖို့ရာ မလွယ်ကူပါဘူး။

ဒီတော့

✿ ၆စက္ကန့်လောက် မိမိစိတ်ထဲမှာ ဂဏန်းရေတွက်လိုက်ပါ။

စိတ်ဆိုးတဲ့အချိန်ဟာ ၆စက္ကန့်ထက်မပိုပါဘူး။ အခါခါပြန်စဉ်းစားမှသာ ဒေါသထွက်စေတာပါ။ မျက်လွှာချပြီးအသက်ပြင်းပြင်းရှူကြည့်ပါ။ အခါခါပြန်လုပ်ကြည့်ပါ။ မိမိရဲ့ကောင်းကွက်ကိုစဉ်းစားပါ။ မိမိအနေနဲ့ ပြုပြင်နိုင်မဲ့ အကြောင်းအရာနဲ့ ပြုပြင်လို့မရနိုင်တဲ့အကြောင်းအရင်းတွေကို စာရွက်မှာ သေသေချာချာ ခွဲခြားပြီး ချရေးပါ။ ပြုပြင်လို့ရတယ်ဆိုရင် ပြုပြင်ပါ။

ဥပမာ-အလုပ်နောက်ကျတာ၊အမှားလုပ်မိတာဆိုရင်ပြင်ပါ။

✿ မိမိအနေနဲ့ ပြောင်းလဲလို့ မရနိုင်တာတွေကို အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားပါ။

ဥပမာ-မိမိအထက်လူကြီးက အနိုင်ကျင့်တတ်သူဆိုရင် သူ့ကိုပြောင်းလဲယူလို့မရနိုင်သလို၊ သူနဲ့ဝေးရာလည်း သွားဖို့မဖြစ်နိုင်သေးဘူးဆိုရင် သူ့ရဲ့စရိုက်ကို အရှိအတိုင်း လက်ခံခွင့်လွှတ်လိုက်ပါ။

ဒါကို ခွင့်မလွှတ်နိုင်သေးဘူး ဆိုရင်တော့ သူ့ကိုခွှင့်မလွှတ်နိုင်တဲ့ မိမိစိတ်ကိုပါ ခွင့်လွှတ်ပေးလိုက်ပါ (笑)’`,、(‘∀`) ‘`,、

ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်။

 

နောက်ဆုံးနည်းလေးတခု ပြောပြချင်တာက

Note

✦ မှတ်စုရေးပါ


ဘာတွေရေးရမလဲဆိုတာကိုနမူနာလေးနဲ့ဖော်ပြလိုက်ပါတယ်။

လက်ရှိအခြေအနေကို မှတ်စုမှတ်ကြမယ်
 နေ့ရက် : ၂၀၁၉.၁.၂
အခြေအနေ : reportတင်ရာမှာအမှားလုပ်မိ
စိတ်ခံစားချက် :  အဆူခံရလို့စိတ်တို
: ခေါင်းထဲကတော်တော်နဲ့ထုတ်လို့မရ
: မိမိကိုယ်ကိုတောင်ခွင့်မလွှတ်နိုင်
ပြင်ရမဲ့အရာ :MTGပြီးတာနဲ့ report ချက်ချင်းရေးသင့်
: သူများစကားပြောရင်သေချာနားထောင်
: နားမလည်တာရှိရင်ချက်ချင်းမေးသင့်
အလုပ်တွင်ကျယ်ရန် :  စိတ်ကြည်လင်စွာအလုပ်လုပ်ရန်
: ဘာမဆိုအချိန်ယူပြင်ဆင်သင့်

 

ဒီလိုမျိုး မှတ်စုရေးခြင်းဟာ ကျွန်မတို့စိတ်ထဲကနေ တော်တော်နဲ့ထုတ်လို့မရတဲ့ စိတ်ဆိုးဒေါသထွက်မှုတွေကို မြန်မြန်မေ့သွားနိုင်ပါတယ်။ ဒါကတော့စိတ်ပညာအရပါ။

အရေးကြီးတာက မိမိပြဿနာကို အခြားသူတွေကို မလိုအပ်ပဲ ခဏခဏ သွားမပြောပါနဲ့။ အကြောင်းအရာတစ်ခုကို နှုတ်ကနေ သုံးကြိမ်နှင့်အထက် ပြောမိရင် ဦးနှောက်က မှတ်လိုက်လို့ မေ့ပျောက်ဖို့ခဲရင်းတယ်လို့ စိတ်ပညာက ဆိုပါတယ်။ မှတ်စုကို ပြန်ဖတ်ရင် ရတဲ့အကျိုးရလာဒ်ကတော့ နောက်တခါ အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် ဘာလုပ်ရမလဲဆိုတဲ့ အဖြေကို ချက်ချင်းရမှာ ဖြစ်ပါတယ်။ အများကြီးရေးဖို့မလိုပါဘူး။ နည်းနည်းရေးရုံနဲ့ ကောင်းကျိုး အများကြီးရှိလို့ ဂျပန်လူမျိုးများရဲ့ မှတ်စုရေးနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

✧အကောင်းအဆိုးခွဲကြပါစို့

စိတ်ဆိုးတယ် ဆိုတာဟာ လူနှစ်ဦး အပြန်အလှန် စကားပြောရင်း ဆက်သွယ်ရင်းကနေ ဖြစ်ပေါ်လာတာပါ။ ထိုလူနှစ်ဦးရဲ့ခေါင်းမှာ channel တစ်ခုဆီ တပ်ထားတယ်လို့ စိတ်ထဲမှာ မြင်ကြည့်လိုက်ပါ။ ဒီ channel နှစ်ခုကနေ သူတို့တွေ အပြန်အလှန် ဆက်သွယ်ပြောဆိုနေကြပါတယ်။ ဒါဆို မိမိအနေနဲ့ သူပြောတာတွေကို လက်မခံချင်ဘူး၊ မိမိဆီ ရောက်မလာစေချင်ဘူး ဆိုရင် လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။  အဲဒီ channel ကို cutting လုပ်ဖြတ်လိုက်ပါ။ မိမိအပေါ် အနိုင်ကျင့်လိုသူများနဲ့ တွေ့ရင်လည်း ထို့နည်းလည်းကောင်း ပြုလုပ်ပါ။

အနိုင်ကျင့်သူ ပြောသမျှ လိုက်ပြီး “ဟုတ်ကဲ့” လုပ်နေရင်တော့၊ တဖက်လူဟာ အနိုင်ကျင့်ရတာ ပိုပိုအားရလာပါလိမ့်မယ်။ သူ့ဆီသွားပြီး ပျိုးပင်ရေလောင်းပေးနေသလိုမျိုးလည်း ဖြစ်နေတတ်ပါတယ်။ဒီတော့ရေမလောင်းမိပါစေနဲ့၊ သူကိုယ့်သူအဟုတ်ကြီးထင်ပြီး ကျန်တဲ့သူများကိုပါ အနိုင်ကျင့်ချင်စိတ် ဝင်သွားနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဒီလိုအနိုင်ကျင့်တဲ့ လူကြီးမျိုးနဲ့ တွေ့ရင် “ဟုတ်ကဲ့၊ နောက်တခါသတိထားပါ့မယ်” လို့ နောက်ဆုံးတစ်ခါပဲပြောရင်ရပါပြီ။ ခဏခဏ “ဟုတ်ကဲ့” “ဟုတ်ကဲ့” မလုပ်မိပါစေနဲ့နော်။

★သည်းကျော်ချန်တို့ အားလုံး၂၀၁၉နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်းများ နှင့်အတူ

ကောင်းမွန်သော လူမှုဆက်ဆံရေးများကို တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။

ချစ်တဲ့သျှင်မိုး

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး