日本のお正月:ဂျပန်ရိုးရာ နှစ်သစ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■Ever Smile

ဒီတစ်ခါတော့ ကျနော် ဂျပန်တွေရဲ့ နှစ်သစ်ကူးမှာ လုပ်လေ့လုပ်ထရှိတာလေးတွေကို ကြုံတွေ့ရ၊သိရသလောက် ဝေမျှပါရစေ။
ဒီနှစ်မှာ ကျနော်ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်နော်။

ဂျပန်ရိုးရာ နှစ်သစ်မှာက

① သန့်ရှင်းရေးက မရှိမဖြစ် 


နှစ်သစ်မရောက်ခင် ၁၂လပိုင်း လကုန်ပိုင်းလောက်မှာ မြန်မာလူမျိုးတွေလိုပဲ အိမ်သန့်ရှင်းရေး လုပ်ကြပါတယ်။

ကုမ္ပဏီတွေကလည်း နှစ်သစ်ကူးပိတ်ရက်မတိုင်ခင် နောက်ဆုံးရုံးတက်ရက်မှာ တစ်ရုံးလုံးကို သန့်ရှင်းရေးလုပ်လေ့ရှိပါတယ်။နောက်ပြီး KADO MATSU လို့ခေါ်တဲ့ နှစ်သစ်ကူးတန်ဆာဆင်တဲ့ ပစ္စည်းကိုလည်း ရုံးအဝင်ပေါက်မှာ တန်ဆာဆင်လေ့ရှိပါတယ်။ အိမ်တွေမှာလည်းထို့နည်းတူ သန့်ရှင်းရေးလုပ်ကြပါတယ်။ မလိုတာတွေကိုလွှင့်ပစ်ပါတယ်။ အိမ်အဝင်ဝမှာတော့ SHIME KAZARI လို့ခေါ်တဲ့ ပစ္စည်းလေးကို တံခါးမှာချိတ်ဆွဲထားကြလေ့ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့က Toshi Kamisama က ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာပြီး အိမ်တိုင်းကိုလာတယ်လို့ ယုံကြည်ကြပါတယ်။အဲနတ်က တန်ဆာဆင်ထားတာမရှိရင်သူတို့အိမ်ကိုကျော်သွားမှာ စိုးလို့ နတ်ကိုကြိုဆိုတဲ့ အမှတ်အသားတစ်ခုအနေနဲ့လဲချိတ်ထားကြပါတယ်။ အဲဒါကြောင့်ကို အိမ်နဲ့ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပြီး အဆင်တန်ဆာတွေ ဆင်မြန်းပြီး ကြိုဆိုကြပါတယ်။

ဒါပေမယ့် ဂျပန်တွေသန့်ရှင်းရေးလုပ်ကြတာဟာ နှစ်သစ်ကူးမှာပဲ လုပ်တာမဟုတ်ပါဘူး။

သန့်ရှင်းရေးလုပ်တာက စိတ်ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတစ်ခုပါတဲ့။

သူတို့လူမျိုးတွေက သန့်ရှင်းရေးလုပ်တယ်ဆိုတာ နေရာကိုတင်သန့်ရှင်းရေးလုပ်တာ မဟုတ်ပဲနဲ့ စိတ်ကိုပါ သန့်ရှင်းရေးလုပ်ကြပါတယ်။ ဂျပန်ဘုန်းကြီးတွေက မနက်တိုင်း ဘုရားကျောင်းပတ်ဝန်းကျင်တွေကို သေသေချာချာ သန့်ရှင်းရေးလုပ်ကြပါတယ်။
နောက်ပြီးတော့ ဂျပန်မှာက တစ်ချို့ကုမ္ပဏီတွေဆိုရင် သူဌေးကိုယ်တိုင်ကလည်း မနက်စောစော အလုပ်လာပြီး သန့်ရှင်းရေးလုပ်ပါတယ်။ ဝန်ထမ်းအသစ်တွေကို လေ့လာရေးဆိုပြီး အစမ်း၃လအတွင်းမှာလည် သန့်ရှင်းရေးလုပ်ဖို့ ပြဌာန်းထားတာမျိုးလည်း ရှိပါတယ်။ (ဥပမာ- တစ်ပါတ်လျှင်တစ်ခါ နာရီဝက်ခန့် သန့်ရှင်းရေး )

ဂျပန်မှာက မူလတန်းသားကတည်းက စာသင်ပြီး ရင် ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်ရပါတယ်။စာသင်နှစ်ပြီးရင်လည်း တစ်ကျောင်းလုံးသန့်ရှင်းရေးလုပ်ကြပါတယ်တဲ့ ကိုယ်အသုံးပြုခဲ့တဲ့ နေရာကို ကိုယ်ကိုယ်တိုင်ပဲ သန့်ရှင်းအောင်လုပ်တဲ့ အလေ့အကျင့်ရစေချင်တာပါတဲ့။

➠စကားလမ်းကြောင်းပြန်တည့်ရရင်
➠နှစ်သစ်မှာ

② ရိုးရာအစားအစာ စားကြတယ်


OSECHI RYORI လို့ခေါ်တဲ့ ဟင်းကို ၁လ ၁ရက်ကနေ ၃ရက်အတွင်းစားကြပါတယ် အထဲမှာပါဝင်တာတွေကတော့ နေရာဒေသပေါ်မူတည်ပြီး အမျိုးမျိုးရှိကြပါတယ်။
အဓိကစားစရာအနေနဲ့အုပ်စု၎မျိုးရှိပြီး

1. IWAI NO SAKANA

2. ကင်ထားတဲ့ စားစရာများ

3. ပေါင်းထားတဲ့ စားစရာများ

4. အချဉ်စိမ်ထားသော စားစရာများ

ရှေးရှေးတုန်းက ဂျပန်တွေကနှစ်သစ်မှာ မီးဖိုမသုံးပါဘူးတဲ့ တစ်နှစ်ပတ်လုံးချွေတာနိုင်အောင်လို့ ဆရာမက ပြောပြပါတယ်။
အခုခေတ်ကတော့ Gas မီးဖိုတွေဖြစ်လို့ မဆိုင်တော့ အဲအလေ့အကျင့်ကတော့ သိပ်မရှိတော့ပေမယ့်
အိမ်မှာချက်မစားပဲနဲ့ မိသားစုလိုက် ကုန်တိုက်၊စူပါတွေနဲ့ ထမင်းဘူးဆိုင်တွေမှာ Order မှာပြီးစားကြပါတယ်။
ကောက်ညင်းထောင်း လည်း စားကြပါသေးတယ်။

နောက်တစ်ခုက နှစ်သစ်ကူးနေ့မှာ ခေါက်ဆွဲစားကြပါတယ် ။
ခေါက်ဆွဲကရှည်တာကိုအစွဲပြုပြီး အသက်ရှည်အောင်စားကြတဲ့ ဓလေ့တစ်ခုပါတဲ့…

➠ြ မန်မာနည်းတူ နှစ်သစ်မှာ

③ ဘုရားဖူးလည်း သွားကြတယ်


ဒီဇင်ဘာ ၃၁ရက် ည၁၂နာရီအချိန်မှာTemple ဘုရားကျောင်းတွေမှာ တန်းစီပြီး လာဆုတောင်းကြပါတယ်။

တစ်နှစ်စာ အဆောင်ပစ္စည်း/ယတြာ လာယူတဲ့သူတွေလည်းရှိပါတယ်။31ရက်ည12နာရီထိုးပြီဆိုရင်တော့ ဘုရားကျောင်းတွေမှာ ခေါင်းလောင်း၁၀၈ကြိမ်တီးလေ့ရှိကြပါတယ်။
သူတို့က လူမှာမကောင်းတဲ့ စိတ်၁၀၈မျိုးရှိတယ်တဲ့ အဲဒါတွေထွက်သွားအောင်တီးတဲ့ဓလေ့ပါတဲ့။ကျနော်တို့မြန်မာတွေနှင့် ၁၀၈လုံးပုတီးစိတ်တာနဲ့ စဉ်းစားပုံချင်းတူပါတယ်။

နှစ်သစ်မှာ ဘုရားကျောင်းသွား ဆုတောင်းတာကတော့ အတူတူပါပဲ

➠မိတ်ဆွေအပေါင်းအသင်းများအတွက်ကတော့

④ နှုတ်ဆက်စာ ပို့ကြတယ်


သူတို့က နှစ်သစ်ကူးဆိုရင် ကိုယ်နဲ့ သိတဲ့သူတွေဆီကို နှစ်သစ်ကူးဆုတောင်းစာ ပို့ကြတဲ့ ဓလေ့လည်းရှိပါတယ်။ NENGAJOU 年賀状လို့ခေါ်ပါတယ်။

နှစ်သစ်ကူးဆုတောင်းစာကိုတော့ 1လ1ရက်ကနေ 7ရက်နေ့အတွင်းပို့ကြပါတယ်။ တကယ်လို့ မိမိမိသားစုထဲမှာ နာရေးဖြစ်ထားတယ်ဆိုရင်တော့ နှစ်သစ်ကူးဆုတောင်းစာကို 1လပိုင်း8ရက်မှစပြီးပို့ကြပါတယ်။ KANJUNMIMAI လို့ခေါ်ပါတယ်။
မိတ်ဆွေအချင်းချင်း ခင်မင်မှု တိုးစေတာပေါ့နော်။
ဒီနှစ်ကတော့ ကျနော်ကိုယ်တိုင်လည်း ဂျပန်ရိုးရာကို တွေ့ကြုံခံစားခဲ့ရပါတယ်။

စာဖတ်သူအပေါင်းလည်း

ဂျပန်ယဉ်ကျေးမှုများကို ပိုမိုနားလည်ပြီး

နေထိုင်ပြောဆိုဆက်ဆံရာမှာ အဆင်ပြေပါစေ။

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ✿✿✿

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀