ရှင်သန်ခြင်းအနုပညာ အင်တာဗျူးအစီအစဉ်

【Unicode】

■EM

သူငယ်ချင်းတို့ရေ

ဂျပန်မှာ ကျောင်းတက်ရာမှ အလုပ်လျှောက်ထားပုံ၊ကိုယ်တိုင်အတွေ့အကြုံလေးများကို

အမြဲ ဝေမျှပေး၊ရေးသားပေးနေတဲ့ Ever Smileနှင့် အင်တာဗျူးမေးမြန်းခွင့် ရခဲ့ပါတယ်။

☆*:.。..。.:* မိတ်ဆက်ခြင်း*:.。..。.:*☆

EM :Working Friends
အစ်မ မင်္ဂလာပါ
Ever Smile
မင်္ဂလာပါ
EM :Working Friends
နာမည်လေးနှင့် အစ်မအကြောင်းလေးကို မိတ်ဆက်ပေးပါအုံး။
Ever Smile
မင်္ဂလာပါ။ကလောင်အမည် Ever Smile ဖြင့် ဂျပန်ရောက်ကျောင်းသားအကြောင်း၊အလုပ်လျှောက်ထားပုံအကြောင်းတို့ကို ရေးသားတင်ဆက်ပေးနေပါတယ်။ အမည်ရင်းကတော့ ဆုမြတ်အောင်ပါ။ မန္တလေးမြို့မှလာပါတယ်။ ၂၀၀၁၅ခုနှစ် ၇လပိုင်း ကျောင်းသားအဖြစ် ဂျပန်ကို လာခဲ့ပါတယ်။ ဂျပန်မလာခင်က ရန်ကုန်မှာ ဂျပန်ကုမ္ပဏီ Accounting ၂နှစ်ခန့် ဝင်ရောက်လုပ်ကိုင်ပါသေးတယ်။ အခုကတော့ 東京国際ビジネスカレッジ国際経営学科 ဒုတိယနှစ်ပါ။

 

EM :Working Friends
ကျောင်းတက်ရင်းနှင့် စာရေးသားဝေမျှပေးတာပေါ့နော်။ စာရေးသားဖြစ်ပုံနှင့် Working Friends အပေါ်အမြင်လေး
Ever Smile
ဂျပန်ရောက်လာမှ တွေ့ဖြစ်တာက ကျောင်းတက်ဖို့ ရည်ရွယ်ချက်မရှိဘဲ ပိုက်ဆံရှာဖို့ ကျောင်းတက်လာကြတဲ့သူတို့ကို တွေ့မိပါတယ်။ အလုပ်မလုပ်ရင် ငွေပြန်မပို့နိုင်ဘူး။ အကြွေးမကြေနိုင်ဘူး စသဖြင့်ပေါ့နော်။ တကယ်က ကျောင်းကို သေချာတက်ရင်း အလုပ်လုပ်ဖို့ဆိုတာ ငွေသိပ်မပိုပါဘူး။ လာမှတော့ ပညာရေးကိုလည်း ဂရုစိုက်ပြီး ကောင်းကောင်းမွန်မွန် ပညာရေးရစေချင်ပါတယ်။

နောက်တစ်ခုက ကျနော်ကိုယ်တိုင်က မြန်မာမှာ အလုပ်လုပ်တုန်းက တွေးမိတာပေါ့နော်။ကိုယ့်ကိုကိုယ် မြှင့်တင်ချင်တယ်၊ဂျပန်ကနေပညာသင်ပြီး၊ မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီ၊နိုင်ငံခြားဆက်စပ်ကုမ္ပဏီမှာ ပြန်လုပ်တဲ့အခါ ကိုယ်မျှော်လင့်တဲ့ နေရာတစ်ခုရနိုင်ဖို့ မျှော်လင့်ပြီးလာခဲ့တာပါ။ ဒါ့ကြောင့်ပဲ ဂျပန်ရောက်ကျောင်းသားတစ်ယောက်အကြောင်း ဆိုပြီး ကိုယ်တွေ့အဖြစ်အပျက်များကို ရေးပြီး စတင်ဖြစ်ပါတယ်။ အစတုန်းက တစ်စုံတစ်ဦးအပေါ်ပဲ အကျိုးရှိ သွားရင် ကျေနပ်မိပါတယ်။

အလုပ်တွေချည်းလုပ် အတန်းထဲမှာအိပ်၊ ဂျပန်ဘာသာစကားကျောင်းပြီးတော့ ကောလိပ်၊ဆန်းမွန်းရွေးရာမှာ ကျောင်းကောင်းမရ၊ နောက်ဆုံး ဗီဇာတိုးမရသည်အထိ ဆို အရမ်းနှမျောဖို့ ကောင်းတယ်လို့ ခံစားမိပါတယ်။ ဒီအထိရောက်လာမှတော့ အားလုံးအကျိုးရှိရှိနှင့် ထိုက်တန်တဲ့ နေရာတစ်ခုရသွားတာက ပိုမကောင်းဘူးလား။ ရေရှည်ကောင်းကျိုး ဖြစ်စေရေး မျှော်လင့်မိပါတယ်။

 

ဒီလိုရေးရင်းကနေ Working Friends မှာ စရေးဖြစ်တယ်။ Working Friends က ဂျပန်အကြောင်းရှာချင်တာနဲ့ အကြောင်းအရာစုံတင်ဆက်ထားတာဆိုတော့ အိုင်ဒီယာလေးလည်း ကောင်းမယ်ထင်တယ်။ ပိုပြီးလည်း ဂျပန်မှာ နေထိုင်မှုအကြောင်းကို လူသိစေမယ်ထင်တာနှင့် ရေးဖြစ်ခဲ့တာပါ။

 

☆*:.。..。.:* ဂျပန်ကိုရွေးချယ်ဖြစ်ပုံ*:.。..。.:*☆

EM :Working Friends
ဂျပန်ကို ရွေးချယ်ဖြစ်ပုံလေးကိုလည်း ပြောပြပေးပါအုံးနော်။
Ever Smile
ရှေ့ကပြောသလို မြန်မာမှာရှိတဲ့ ဂျပန်ကုမ္ပဏီမှာ အလုပ်အတွေ့အကြုံ ၂နှစ်ခန့်ရှိပါတယ်။ Accounting နှင့်ပါ။ဂျပန်ကုမ္ပဏီဆိုပေမယ့် ဂျပန်စာကတော့ အခြေခံအဆင့်၊ အင်္ဂလိပ်စာရရင် ရတယ်ဆိုတာနှင့် ဝင်ဖြစ်ခဲ့တာပါ။

ကြုံတွေ့လာတာက

ဥပမာ – နှစ်ချုပ်စာရင်း

မြန်မာအခွန်ရုံးကိုတင်ပြရာမှာ

မြန်မာဘက်က ငွေစာရင်း(ငွေရင်း၊အမြတ်ငွေ)ကို သယ်ယူပို့ဆောင်စရိတ်ကို သီးသန့်ခွဲတင်ပြရတယ်။

ဂျပန်ပုံစံက သယ်ယူပို့ဆောင်စရိတ်ကို ငွေရင်း ထဲမှာ ထည့်တွက်တယ်။

အဲ့မတူတာလေးတွေကြောင့် အဆင်မပြေတာလေးတွေလည်းရှိခဲ့ပါတယ်။

ဒါ့ကြောင့် မတူတာကို သေချာလေ့လာပြီး၊ အားနည်းခဲ့တဲ့ ဂျပန်စာကိုလည်း သေချာလေ့လာပြီး၊ ပိုမိုကောင်းမွန်တဲ့နေရာတစ်နေရာ ရအောင် ဆိုပြီး လာခဲ့တာပါ။

အခုနောက်ပိုင်း မြန်မာနိုင်ငံတွင်း ဂျပန်ကုမ္ပဏီတွေလည်း များလာတာလည်း ပါါပတယ်။

 

☆*:.。..。.:* အတွေ့အကြုံ*:.。..。.:*☆

EM :Working Friends
အလုပ်အတွေ့အကြုံ ကနေ သိလာရတာလေးတွေက
Ever Smile
အချိန်ပိုင်းအလုပ်လုပ်ရင်း သိလာတာကတော့ ဂျပန်တွေက အတွေ့အကြုံမရှိသေးသူ၊ဂျပန်စကားမမြင့်တဲ့သူကို စမ်းသုံးကြည့်ရမှာ မကြိုက်ဘူး။ကျနော် ဂျပန်စရောက်တော့ အိမ်နားလေးက စတိုးဆိုင်ကိုလျှောက်ကြည့်တာ မရဘူး။ နောက် ကျောင်းမှ စီနီယာအဆက်အသွယ်နှင့် super market မှာ အလုပ်ရတယ်။ အဲ့မှာက မြန်မာက ကိုယ်ကပထမဦးဆုံးပဲ။ ဒါ့ကြောင့် ကိုယ်ကောင်းရင် နောက်လူတွေလဲ ကောင်းမှာပဲလို့ တွေးပြီး အလုပ်လုပ်တယ်ပေါ့နော်။ နောက်ပိုင်း စူပါမှ လူလိုတယ်။ မြန်မာလူမျိုးတွေရှိရင် မိတ်ဆက်ပေးပါလို့ ပြောလာတယ်။ ဘယ်နှယောက်ဖြစ်ဖြစ် ရသလောက်ဆိုပြီး ယုံကြည်အပ်နှံလာတယ်။ ကျနော်လည်း ကိုယ်ပိုင် facebook group လေးဖွဲ့ထားတာရှိတော့ အဲ့ကနေ လူလိုကြောင်း ကြေညာလိုက်တာ အယောက်၃၀လောက် ပို့လာတယ်။ ကျနော်လည်း မခွဲတတ်တာနဲ့ အယောက်၃၀စာ အကုန်ပြလိုက်တာ၊ အကုန်လုံးကို စူပါမှာ ခန့်လိုက်ပါတယ်။

ဒါ့ကြောင့်အတွေ့အကြုံပြောပါဆိုရင် မိမိကကောင်းအောင်နေရင် နောက်လူတွေလည်း အဆင်ပြေတယ်ဆိုတာပါ။

 

EM :Working Friends
တကယ့်လုပ်ငန်းခွင်မှာ ဘာတွေကြုံတွေ့ခဲ့ရလဲ။
Ever Smile
ကျနော် ဂျပန်ရောက်တုန်းက ကျောင်းသားအနေနှင့်ဆိုတော့ အလုပ်ချိန်ကန့်သတ်ချက်ရှိတယ်ပေါ့နော်။ ပညာရေးကအဓိကဆိုတော့ အလုပ်ချိန်ကျော်လို့ ပညာရေးတစ်ပိုင်းတစဖြစ်သွားမှာကို ကြောက်လို့ အပိုတော့ မလုပ်ဖြစ်ဘူး။ နောက် ကျနော်က အပေါ်က ပြောထားသလို အလုပ်တစ်ခုကို အချိန်နည်းနည်းစီနှင့် ၃မျိုး ၄မျိုးလုပ်ပါတယ်။ သူများမလုပ်တဲ့အလုပ်မျိုး နိုင်ငံခြားသားcustomer service လိုမျိုးတွေ ဝင်လုပ်တယ်။ ဗဟုသုတတွေ အများကြီးရတယ်။ အသိတွေလည်းတိုးတယ်။ ဒါ့အပြင် volunteerအနေနှင့် မြန်မာစာလည်း သင်ဖြစ်ပါတယ်။ မြန်မာစာသင်ရင်း ဗီဇာဝန်ဆောင်မှု ရှေ့နေများနှင့်လည်း သိကျွမ်းခွင့်ရတယ်။စာရေးသားဖို့လည်း အထောက်အကူအများကြီးဖြစ်စေပါတယ်။

 

☆*:.。..。.:* ကျောင်းတက်စဉ်*:.。..。.:*☆

EM :Working Friends
ကျောင်းတတ်ဖို့ပြင်ဆင်ပုံနှင့် ကျောင်းတတ်နေစဉ် ဘယ်လိုကြိုးစားခဲ့လဲ။
Ever Smile
ကျောင်းကတော့ အခက်အခဲသိပ်မရှိခဲ့ဘူး။လာကတည်းက accounting ကျောင်းတတ်မယ်ဆိုပြီး ဆုံးဖြတ်ထားတော့ ဆိုင်ရာ ကျောင်းတွေလိုက်ရှာတယ်။ open campus တွေစုံစမ်းတယ်။ဝင်ခွင့်စာမေးပွဲတွေဝင်ဖြေတယ်ပေါ့နော်။ တစ်ချို့ကျောင်းတွေဆိုရင် သတ်မှတ် open campusအချိန်မှာ ဝင်ဖြေရင် စာမေးပွဲခ free တို့ အောင်ရင် ကျောင်းလခ လျှော့ပေးတာတို့ရှိပါတယ်။

ကျောင်းတတ်နေစဉ်ကတော့ ကျောင်းချိန်မှန်အောင်ဂရုစိုက်တယ်။ စာသေချာနားထောင်တယ်။

နောက်ပြီး ပြင်ပမှာ ဘာသာရပ်ဆိုင်ရာ စာမေးပွဲလက်မှတ်တွေ ဝင်ဖြေဖြစ်တယ်။တစ်ချို့စာမေးပွဲတွေက အတန်းသင်ခန်းစာ နားထောင်ရုံနှင့် ဝင်ဖြေအောင်နိုင်တယ်။

ဂျပန်မှာက ရောက်နေတာကြာပြီး ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွေလည်း ဆက်မဖြေ၊တစ်ခြားလက်မှတ်လည်းမရှိဆိုရင် အလုပ်လျှောက်တဲ့အခါ သက်သေပြစရာမရှိပါဘူး။ အရမ်းနစ်နာပါတယ်။

 

ကျနော်ကတော့ မြန်မာစာသင်ဂျပန်လူမျိုးတွေကို မေးကြည့်တယ်။ “အလုပ်လျှောက်ဖို့အတွက် မဖြစ်မနေဖြေဆိုထားသင့်တဲ့စာမေးပွဲရှိလား”လို့

အားလုံးက 簿記、Toeicစသည်တို့ပြောကြတယ်။ ဝင်ဖြေပြီး အလုပ်လျှောက်တဲ့အခါ ကျနော်ဒီလိုကြိုးစားပါတယ်ဆိုပြီး တင်ပြပါတယ်။

 

☆*:.。..。.:* အလုပ်လျှောက်စဉ်*:.。..。.:*☆

EM :Working Friends
ကိုယ်တိုင်လည်း အလုပ်လျှောက်ပြီး အခုအလုပ်လည်း ရသွားပြီဆိုတော့

လျှောက်ခဲ့တုန်းက အကြောင်းလေး ပြန်ပြောင်း ပြောပြပေးပါလား။

Ever Smile
အပေါ်မှာပြောသလို ကျောင်းသားဘဝမှာ ကြိုးစားခဲ့သမျှကို ရေးသားတင်ပြလို့ရပါတယ်။accounting လျှောက်တာ မဆိုင်ဘူးဆိုပြီး ခရီးသွားလမ်းညွှန်လက်မှတ် မပြတာမျိုး။ အဲလိုမဟုတ်ဘဲ ကိုယ်တိုင်ဒီလိုကြိုးစားခဲ့ကြောင်း ဘက်စုံစိန်ခေါ်ခဲ့ကြောင်းကို ဂုဏ်ဖော်လို့ရပါတယ်။

ကျနော်ကိုယ်တိုင်လည်း ဖြေခဲ့သမျှအကုန်ချပြတယ်။အတွေ့အကြုံအကုန်ရေးသားဖော်ပြတယ်။

လူတွေ့မေးမြန်းတဲ့အခါမှာ မိမိရေးထားသမျှတော့ ပြန်လည် စစ်မေးပါတယ်။

နောက် Group discussion တွေရှိတယ်။ team work စစ်ဆေးတယ်။ အိုင်ဒီယာထုတ်ကြတယ်။

 

EM :Working Friends
အလုပ်လျှောက်ထားစဉ် မှတ်မှတ်ရရ အဖြစ်အပျက်လေးတွေကော ရှိခဲပါသလား။
Ever Smile
တစ်ခုသတိထားမိတာကတော့ discussionမှာ brain stormစနစ်ဆိုတဲ့ အိုင်ဒီယာအကြံဉာဏ်ထုတ်တာမျိုး လုပ်ခိုင်းပါတယ်။ ဒီအချိန်မှာ ဘယ်သူမှန်တယ်မှားတယ် မရှိ၊ ထွက်လာသမျှ အိုင်ဒီယာကို မှတ်သားပြီး အိုင်ဒီယာ များများထုတ်နိုင်တဲ့အဖွဲ့က အမှတ်ကောင်းရတာမျိုးပါ။

ဒီနေရာမှာ ကျွန်တော်တို့လို နိုင်ငံခြားသားအများစုဟာ အိုင်ဒီယာထုတ်တာအပြင် သူတပါးရဲ့အကြံဉာဏ်ကို မှားတယ်၊မဆိုင်ဘူးလို့ဝင်ဝင်ပြောတတ်တာ တွေ့ရတယ်။ teamwork ပိုင်း အားနည်းတာပေါ့နော်။

ကျနော်အတွေ့အကြုံအရဆိုရင် Group discussionမအောင်တဲ့သူတွေအများစုဟာ အပေါ်ကလို ဝင်ဝင်ပြောတတ်တဲ့သူများပါတယ်။

ဒါလေးကတော့ အမှတ်တရပါပဲ။

 

☆*:.。..。.:* အနာဂတ်*:.。..。.:*☆

EM :Working Friends
အနာဂတ်ရည်မှန်းချက်လေးက
Ever Smile
ဂျပန်ကုမ္ပဏီမှာ အလုပ်လည်း ရပြီဆိုတော့ အလုပ်ကြိုးစားပြီး ရာထူးကောင်းတစ်ခု ရချင်ပါတယ်။ အနာဂတ် မြန်မာမှာလည်း နေရာကောင်းတစ်ခုရတဲ့အထိ ကြိုးစားသွားမှာပါ။

 

EM :Working Friends
စာဖတ်သူငယ်ချင်းတို့အတွက် စကားလက်ဆောင်လေးပြောကြားပေးပါဦးနော်။
Ever Smile
ဂျပန်စာ+communication ကအဓိက၊ teamwork စိတ်ဓါတ်မွေးမူဖို့ နှင့် စိတ်မြန်လက်မြန်တာကို ထိန်းနိုင်ဖို့ အရေးကြီးတယ်လို့ ထင်မိတယ်။ စာဖတ်သူငယ်ချင်းတို့လည်း လိုအပ်တာလေးတွေ ဖြည့်ရင်း ကြိုးစားကြပါနော်။

 

EM :Working Friends
ဟုတ်ကဲ့။အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

✿Profile✿

အမည်  :Su Myat Aung

အလုပ်အကိုင်  :Accounting and Marketing အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ/Working Friends ပင်တိုင်ကလောင်ရှင်

နေထိုင်ရာမြို့  :တိုကျိုမြို့

ဂျပန်အပေါ်အမြင် :Manner ပိုင်းတကယ်ကောင်းတယ်၊လေးစားမှုရှိတယ်။ တဖက်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခဲတာကိုတော့ သိပ်မကြိုက်ပါဘူး။

ဒီတစ်ခေါက်ကတော့

ကလောင်ရှင် Ever Smile နှင့် တွေ့ဆုံ မေးမြန်းထားတဲ့ အစီအစဉ်လေးပါ။
ဂျပန်မှာ ကျောင်းတတ်ရင်း အလုပ်ရသည်အထိ ကြိုးစားထားပုံလေးကို တင်ဆက်ထားပါတယ်။
နောင်လည်း အစီအစဉ်အမျိုးမျိုး တင်ဆက်သွားမှာ ဖြစ်လို့

စောင့်မျှော်ပေးပါအုံးနော်✿

■EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗