အလုပ်မလျှောက်ခင် မိမိကိုယ်ကိုယ်လေ့လာသုံးသပ်

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■Ever Smile

ကျနော်ဒီတခေါက်တင်ပြချင်တာလေးကတော့ 自己分析(じこぶんせき)

သူငယ်ချင်းတို့အားလုံး  ဂျပန်မှာ အလုပ်လျှောက်ရင်ပဲဖြစ်ဖြစ်၊ မိမိနိုင်ငံမှာ အလုပ်လျှောက်ရင်ပဲဖြစ်ဖြစ် မိမိနဲ့သင့်တော်မယ့် အလုပ်ကို ရဖို့ပြင်ဆင်ပုံလေးကို မျှဝေပေးပါရစေ။

ဂျပန်နိုင်ငံမှာကျောင်းသားကျောင်းသူများက ကျောင်းပြီးခါနီး နောက်ဆုံးနှစ်ရောက်ပြီဆိုရင် အလုပ်စလျှောက်ကြပါပြီ။

ကျနော်တို့မြန်မာနိုင်ငံရဲ့ပုံစံကတော့ အခုအချိန်ထိ တက္ကသိုလ်၊ကောလိပ်ကျောင်းပြီးမှ အလုပ်ရှာကြပါတယ်နော်။ မတူတာလေးတွေရှိလို့ သေချာပြင်ဆင်စေချင်ပါတယ်။

ကျနော် 2019ခုနှစ်မှ စပြီး ဂျပန်ကုမ္ပဏီမှာ အလုပ်ဝင်ရတော့မှာပါ။ 2018တစ်နှစ်တာအတွင်း အလုပ်လျှောက်ထားရန် ပြင်ဆင်ချက်များနှင့် ကျနော်မှီငြမ်းကိုးကားခဲ့တဲ့ MY NAVI စာအုပ်ထဲမှ အကြောင်းအရာလေးများကို အခန်းဆက်များဖြင့် ရေးသားဖော်ပြပေးသွားပါမယ်။  ခေါင်းစဉ်လေးကတော့ အလုပ်မလျှောက်ခင် မိမိကိုယ်ကိုယ်စိစစ်လေ့လာသုံးသပ်နည်း လေးပဲဖြစ်ပါတယ်။

自己分析 ဆိုတာကတော့ တခြားသူက ထောက်ပြတဲ့မိမိရဲ့ ကောင်းကွက်ဆိုးကွက်တွေမဟုတ်ဘဲနဲ့ အရင်ဆုံးမိမိဘာသာလေ့လာတွေ့ရှိရမယ့် မိမိရဲ့အားသာချက်အားနည်းချက်တွေပဲဖြစ်ပါတယ်။ ဥပမာ-မိမိကောင်းကွက်၊ဆိုးကွက်၊ အားသာချက်၊အားနည်းချက်၊ တမူထူးခြားချက်၊ စိတ်ပါတာတွေ၊စိတ်မပါတာတွေ စသည်ဖြင့်ပေါနော်။ လူတွေအားလုံးနီးပါးက မိမိအကြောင်းမိမိအသိဆုံးပဲလို့ ထင်နေကြတဲ့သူတွေကများပါတယ်။ တကယ်တမ်းကျတော့ မိမိသတိထားမိတဲ့ မိမိအကြောင်းနဲ့ ကိုယ်ကိုယ်တိုင်တောင် အမှုမယ့်အမှတ်နေမိနေတဲ့ မိမိအကြောင်းတွေ ရှိနေတတ်ကြပါတယ်။

自己分析ဘာ့ကြောင့် လိုအပ်တာလဲ?

(၁) မိမိရွေးချယ်မှုမှန်ကန်မှုရှိစေရန်
အလုပ်လျှောက်ထားရာတွင် ဘယ်လုပ်ငန်းအမျိုးအစား၊ဘယ်ကုမ္ပဏီ၊ ဘယ်ရာထူးအမျိုးအစားဆိုတာကို မဆုံးဖြတ်လို့ မရပါဘူး။ ဒါပေမယ့် အထက်ပါအချက်တွေကိုပဲ ကြည့်ပြီးဆုံးဖြတ်လိုက်တယ်ဆိုကြပါစို့။

ဥပမာ- မြန်မာနိုင်ငံမှာလည်းရှိတဲ့ ဂျပန်ဘဏ်လုပ်ငန်းကြီး တစ်ခုမှာ စာရင်းကိုင်ရာထူးကို အလုပ်ရတယ်။

➠ အဲဒါကို ကျနော်ရွေးချယ်ခဲ့တဲ့အချက်က နာမည်ကြီးကုမ္ပဏီမှာ အလုပ်လုပ်ရမှာဂုဏ်ရှိလို့ ။

➠ တကယ်တမ်းက ကျောင်းတက်နေရင်းသတိထားမိတာ ကျနော်က စာရင်းစစ်ရတာ  သိပ်ပြီးဝါသနာမပါဘူး။ မားကတ်တင်းကို ပိုစိတ်ဝင်စားတယ်ဆိုပါစို့။

အဲလိုတွေဖြစ်ခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံမှာ ချက်ချင်းအလုပ်ပြောင်းဖို့ဆိုတာ ခက်ပါတယ်။ ဘွဲ့ရပြီးတန်းဝင်တဲ့အလုပ်နဲ့ အလုပ်ပြောင်းဝန်ထမ်းသစ်ဘဝကွာပါတယ်။

အဲဒါကြောင့် အထက်မှာပြောခဲ့တဲ့ ဝါသနာ အားသာချက်အားနည်းချက်တွေကိုသေချာစဉ်းစားပြီး ဆုံးဖြတ်ချက်တွေမှန်ကန်ကြပါစေနော်။

(၂) မိမိကိုHRမှ အလုပ်ခန့်ချင်စိတ်ပေါက်လာစေရန်
ဘယ်လိုအချက်တွေက မိမိကိုအလုပ်ခန့်စေနိုင်မလဲ? အဓိက ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းပါပဲ။

နောက်တဆင့်အနေနဲ့ကတော့ မိမိကိုအလုပ်ခန့်ပြီးနောက်ပိုင်း မိမိက ဘယ်လိုလူမျိုး၊ မိမိအနာဂတ်ရည်မှန်းချက်စသည်တို့က ကုမ္ပဏီရဲ့ လမ်းစဉ်တွေဦးတည်ချက်တွေ ပစ်မှတ်တွေနဲ့ တူနေမယ်ဆိုရင်တော့ HR က သင့်ကို အလုပ်ခန့်ချင်မှာပါပဲ။

(၃) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စိတ်တူကိုယ်တူဖြစ်မဖြစ်
အလုပ်ဝင်ပြီဆိုတာနဲ့ မိမိကလည်း ဒီအဖွဲ့အစည်းတစ်ခုရဲ့ အသင်းဝင်ဖြစ်သွားခြင်းပါပဲ။ ဒါကြောင့် မိမိရွေးချယ်လျှောက်မယ့် အလုပ်Homepage ကိုဝင်ကြည့်ပြီး လုပ်ဖော်ကိုင်ဖက်များအကြောင်း၊ လုပ်ငန်းအကြောင်း၊ ကုမ္ပဏီအကြောင်းတွေကိုလည်း အလုပ်မလျှောက်ခင်သေသေချာချာ လေ့လာပြီးမှ ဆုံးဖြတ်သင့်ပါတယ်။
အနှစ်ချုပ်နေနဲ့ ပြောရရင်တော့

“ဘယ်လိုအလုပ်ကို လုပ်ချင်တာလဲ”ဆိုတာကို ကျောင်းသားဘဝမိမိလုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်ကနေပဲဖြစ်ဖြစ်၊ မိမိလုပ်ငန်းအတွေ့အကြုံ၊ မိမိပတ်ဝန်းကျင်မှသူများအလုပ် စသည်များထဲမှ မိမိက လုပ်နေရရင် ပျော်နေတတ်တဲ့အလုပ်၊ ဝါသနာပါတဲ့ အလုပ်များထဲမှ အမျိုးမျိုးစဉ်းစားကြည့်ပါ။

တကယ်လို့ မိမိလုပ်ချင်တဲ့ အလုပ်မရှိဘူးဆိုရင်တော့ မလုပ်ချင်တဲ့အလုပ်ကနေ တစ်ခုချင်းစီ ပယ်ကြည့်ပြီး မလုပ်ချင်တဲ့ အကြောင်းရင်းကိုပါ စဉ်းစားပြီး မှတ်စုမှတ်ပါ။ ထိုနည်းဖြင့် မိမိနဲ့ သင့်တော်မယ့် အလုပ်အကိုင်တွေ ရှာဖွေတွေ့ရှိနိုင်ကြပါလိမ့်မယ်။

အားလုံးပဲ အဆင်ပြေကြပါစေနော်။
နောက်တစ်ခေါက်မှာ တော့ 自己分析 ကိုသိစေနိုင်တဲ့ Format လေးနဲ့ စမ်းသပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀