
ဂျပန်တွင်နေထိုင်ရေး အဆင်ပြေစေဖို့
【Unicode】
■Ever Smile
၄လပိုင်းဆိုတော့ ကျောင်းတက်လာကြသူများ၊အလုပ်စဝင်သူများ
ဂျပန်နေထိုင်မှုဘဝကို နဖူးတွေ့ဒူးတွေ့ပေါ့နော်။
ဒါကြောင့် နေထိုင်ရေးမှာ အဆင်ပြေစေဖို့ သိထားသင့်တာလေးတွေကို တင်ပြပါရစေ။
စာရင်းသွင်းတာက အစဂျပန်တွင်နေထိုင်မည်ဆိုပါက ဂျပန်ရောရက်သည့်နေ့မှစ၍ ရပ်ကွက်ရုံးတွင် မိမိနေထိုင်မည့်အိမ်လိပ်စာ စာရင်းသွင်းရပါတယ်။ ကျနော်တို့တွေက ရပ်ကွက်ရုံးလို့ပြောပါက အိမ်လိပ်စာပြောင်းတဲ့အခါ၊ ကျန်းမာရေးခွန်၊ ဝင်ငွေခွန်၊ ပင်စင်လခ စသည်တို့ သွားရောက်ဆွေးနွေးခြင်း၊ ပေးသွင်းခြင်းများ ပြုလုပ်ရန်နေရာလို့ သိထားကြသူများပါတယ်။ တကယ်တော့ ရပ်ကွက်ရုံးဆိုတာ ကျနော်တို့ မသိသေးတဲ့ ကျနော်တို့ နေ့စဉ်နေထိုင်မှုဘဝကို ထောက်ပံ့ပေးနေတဲ့နေရာလည်း ဖြစ်ပါတယ်။
ရပ်ကွက်ရုံးမှာဘာတွေလုပ်လို့ရသလဲ သိထားဖို့နေထိုင်တဲ့ ရပ်ကွက်ရုံးတွေမှာ
●ငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း၊ ရေကြီးခြင်း စသည့်အရေးပေါ်အခြေအနေမှာ ဘေးရှောင်နေရာ၊ ဘယ်နေရာသို့ ခေတ္တရှောင်ရမည်ကို စာအုပ်တွင် သေသေချာချာရေးထားပါတယ်။ ပန်းခြံလိုနေရာတွေ၊ ကျောင်းတွေကို ရှောင်ကြရတာများပါတယ်။
●နောက်တစ်ခုက ကျတော်တို့လို နိုင်ငံခြားသားတွေအတွက် ဂျပန်စာအခမဲ့သင်လို့ရတဲ့နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။
●နောက်ပြီးမိမိနေထိုင်တဲ့ ရပ်ကွက်အလိုက်အမှိုက်သိမ်းတဲ့ နေ့တွေ၊ အမှိုက်ကို ဘယ်အမျိုးအစားအလိုက်ခွဲပစ်ရမယ်ဆိုတာတွေကို လည်းလမ်းညွှန်ထားပါတယ်။ အခကြေးငွေပေးပြီးမှ စွန့်ပစ်လို့ရတဲ့ ပစ္စည်းတွေ ဥပမာ-ရေခဲသေတ္တာ ဆို ဘယ်လောက်တန် 粗大ゴミSodaigomi လက်မှတ်ကပ်ပြီးပစ်ရမယ် စသည်ဖြင့်ပေါ့နော်။ မိမိဝယ်လိုသော အမှိုက်ပစ်လက်မှတ်ကို မိမိနေထိုင်တဲ့ရပ်ကွက် စတိုးဆိုင်တွေမှာဝယ်ပြီးပစ်ရပါတယ်။ တခြားရပ်ကွက်က စတိုးဆိုင်က အမှိုက်ပစ်လက်မှတ်က သုံးလို့ မရပါဘူးနော်။
●ရပ်ကွက် ဆေးရုံဆေးခန်းများကိုလည်း လမ်းညွှန်ထားပါတယ်။
●ရပ်ကွက်အလိုက် စက်ဘီးငှားလို့ရတဲ့နေရာတွေလည်း ဖော်ပြထားတာ ရှိပါတယ်။ ●စာကြည့်တိုက်နေရာ၊ အားကစားရုံနေရာတွေလည်း စုံစမ်းလို့ရပါတယ်။
●နောက်တစ်ခုက ရပ်ကွက်(Ku) ကတော့ တူပေမယ့် အိမ်လိပ်စာ ပြောင်းပါက ရပ်ကွက်ရုံးတွင် သွားရောက် လျှောက်ထားခြင်းများ ပြုလုပ်ရပါမယ်။ လိပ်စာမပြောင်းထားပါက ကျနော်တို့ယခင်နေထိုင်ရာလိပ်စာကိုပဲ ရပ်ကွက်ဌာနဆိုင်ရာမှာ စာရွက်စာတမ်းများရောက်နေမည်ဖြစ်ပါတယ်။
●ရပ်ကွက်ရုံးတွင် လိပ်စာပြောင်းရုံသာ မဟုတ်ဘဲ မိမိတခြားဘဏ်၊ ဖုန်းဆိုင် စသည်တို့တွင်လည်း လိပ်စာပြောင်းသင့်ပါတယ်။
●တခြားရပ်ကွက်ကို အိမ်ပြောင်းမည်ဖြစ်စေ၊ မတူတဲ့ မြို့ကိုအိမ်ပြောင်းမည်ဆိုပါက အရင်ဆုံးမိမိနေထိုင်နေသော ရပ်ကွက်မှ အိမ်ပြောင်းမည့် ထွက်စာ သွားရောက်ယူဆောင်ထားရပါမည်။ လိပ်စာအသစ်ကိုလည်း စာရင်းသွင်းမှာဖြစ်လို့ သိထားဖို့လိုပါတယ်။
●နောက်တစ်ခုက ဂျပန်နိုင်ငံမှ တစ်နှစ်ကျော်ထွက်ပြီးအခြားနိုင်ငံတွင် နေထိုင်မည့်အခါတွင်လည်း အကြောင်းကြားထားဖို့ လိုပါတယ်။
●အိမ်ထောင်စု ပြောင်းပါကလည်း ရပ်ကွက်ရုံးမှာ စာရင်းသွင်းရပါမယ်။ကလေးမီးဖွားပြီးပါကလည်း ရပ်ကွက်ရုံးမှာ စာရင်းသွင်းရပါတယ်။
ကျနော်တို့ကျောင်းသားအများစုကြုံတွေနေရတာက ကျန်းမာရေးအခွန်ပြဿနာပါ။
မိမိနေထိုင်တဲ့ ရပ်ကွက်ပေါ်မူတည်ပြီး ဆောင်ရတဲ့ပမာဏ ကွာခြားမှုများလည်းရှိပါတယ်။ ပထမတစ်နှစ်ကတော့ ကျောင်းသားတွေက တစ်လကို 2000 အောက်လောက်ပဲဆောင်ကြရပေမယ့် ဒုတိယနှစ်ကျ ရှေ့နှစ်ဝင်ငွေအလိုက်တစ်ယောက်နဲ့တစ်ယောက် ပမာဏမတူကြပါ။ အရမ်းများနေတယ်ထင်ပါက ရပ်ကွက်ရုံးက ကျန်းမာရေးခွန်ဌာနမှာ သွားရောက်ဆွေးနွေးလို့ရပါတယ်။
နိုင်ငံခြားသား စုံစမ်းရေးစင်တာတွေလည်းရှိပါတယ်။
အားလုံးအစစ အဆင်ပြေကြပါစေနော်။
Author Profile

-
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀