ဂျပန်နိုင်ငံမှာ ကားမောင်းလိုင်စင် ဖြေကြမယ်

【Myanmar3 Unicode】

■Ever Smile

ဂျပန်နိုင်ငံ ကားမောင်းလိုင်စင် ဖြေဆိုလိုများသည် ဂျပန်နိုင်ငံ လိုင်စင်ရုံးမှ ခွင့်ပြုချက်ရထားသော ကျောင်းအမျိုးအစာ ၂မျိုးရှိပါတယ်။

(၁) ကျောင်းအိပ်ကျောင်းစား Camp ဝင်ပြီး ကားလိုင်စင်ယူရန် ကျောင်းမှ အောင်လက်ရှိပါက လိုင်စင်ရုံးတွင် ရေးဖြေအောင်ရုံဖြင့် လက်တွေ့ဖြေစရာမလိုဘဲ လိုင်စင်သင်တန်းကျောင်း

◆ဒီလိုCamp ကျောင်းတွေက ကားကျောင်းတက်နေတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ထားပြီ Promotion တွေလည်း လုပ်လေ့ရှိပါတယ်။

◆တက္ကသိုလ်တွေ၊ ဆန်းမွန်းကျောင်းတွေမှာလည်း လာရောက်ကြော်ငြာမိတ်ဆက်လေ့ရှိပါတယ်။ သူက သင်တန်းက ၂ပတ်ဝန်းကျင်လောက်Camp ဝင်ရတာမို့ အလုပ်လုပ်နေရင် လိုင်စင်ဖြေဆိုသူများအတွက်ကတော့ သိပ်ပြီးတော့ အဆင်မပြေပါဘူး။ သင်တန်းကြေးက နေစားစားရိတ်+ ကျောင်းလခ ပါဝင်ပြီး မိမိရွေးချယ်သော Course ပေါ်မူတည်၍ ကွာပါတယ်။

သတ်မှတ်ကာလအတွင်း စာမေးပွဲကို မအောင်ပါက
ထပ်တိုးအဆောင်ခနဲ့ ကျောင်းလခပေးရသော Course ၊
ကျောင်းလခတော့ ထပ်မပေးရပေမယ့် နေစားစားရိတ်က ထပ်တိုးသင်တန်းရက်အတွက်ပေးရသော Course ၊
မအောင်မချင်း တက်လို့ ရတဲ့ Safefy Plan ဆိုပြီး

သင်တန်းကျောင်းအလိုက် Course တွေအမျိုးမျိုးရှိပါတယ်။ စာမေးပွဲ အမျိုးအစား ၄မျိုးရှိပါတယ်။ ယာဉ်ထိန်းရဲမှ အသိအမှတ်ပြုထားသော ကျောင်းများသည် မိမိတက်ရောက်နေသော ကျောင်းတွင် ဖြေဆိုနိုင်ပါတယ်။

(၂) စာတွေ့လက်တွေ့သင်ပေးပေမယ့် လိုင်စင်ရဖို့အတွက်ကတော့ လိုင်စင်ရုံးတွင် မိမိကိုယ်တိုင် သွားဖြေဆိုရသော ကျောင်း
အလုပ်တဖက်ဖြင့် လိုင်စင်ဖြေဆိုလိုသူများအတွက် စနေတနင်္ဂနွေ သင်တန်း၊ တပတ်အတွင်း မိမိအဆင်ပြေသော သင်တန်းချိန်ကို ရွေးချယ်တက်ရောက်လို့ ရသော ကျောင်းဖြစ်ပါတယ်။ စာမေးပွဲကိုတော့ ၄မျိုးလုံးလိုင်စင်ရုံးမှာ သွားဖြေရပါတယ်။

လိုင်စင်စာမေးပွဲအမျိုးအစား ၄မျိုး

အမျိုးအစားအကြောင်းကို စာမေးပွဲကြေးနှင့်တကွ ဖော်ပြသွားပါမယ်။(၂၀၁၉ခုနှစ် ၅လပိုင်းကုန်ကျငွေဖြစ်ပါတယ်)
 ၁။ သင်မောင်းလိုင်စင် စာတွေ့ စာမေးပွဲ  စာမေးပွဲကြေး –  ယန်း၂၉၀၀

မေးခွန်း၅၀ ကို ၄၅ ပုဒ်မှန်မှ အောင်ပါတယ်။ မေးခွန်းဟောင်းများနှင့် လိုင်စင်ရုံးမှ ပြဌာန်းစာအုပ် စာမျက်နှာ ၃ဝဝကျော် ၄ဝဝနည်းပါးကို ကြေညက်နေအောင် ကျက်မှတ်ရပါတယ်။ သဒ္ဒါလှည့်တတ်တဲ့ မေးခွန်းတွေလည်း ပါတတ်လို့ ကျနော်တို့လို နိုင်ငံခြားသားတွေအတွက်ကတော့ စာကြေယုံသာမက ဂျပန်စာလည်းတတ်ဖို့ လိုပါတယ်။ Camp ကျောင်းသားတွေကတော့ Camp ကျောင်းမှာပဲ ဖြေလို့ရပါတယ်။

 ၂။သင်မောင်း လက်တွေ့စာမေးပွဲ  စာမေးပွဲကြေး – ယန်း ၁၄၅၀

သတ်မှတ်ထားသော ကားမောင်းကွင်းထဲမှာ ယာဉ်ထိန်းဘေးမှထိုင်ကာ မိမိကလက်တွေ့မောင်းပြရတဲ့ စာမေးပွဲပါ။
စစချင်း ဖြေဆိုသူအားလုံးကို အမှတ်၁၀၀ ပေးထားပြီး မောင်းနည်းစည်းကမ်း မလိုက်နာပါက အမှတ်လျှော့ သောနည်းဖြင့် နောက်ဆုံး ၇ဝမှတ်ကျန်သောသူသည် အောင်မြင်ပါတယ်။ မောင်းနေစဉ်အတွင်း တခုခုကို ဝင်တိုက်မိပါက အမှတ်၃ဝနှုတ်မည်ဖြစ်ပါသဖြင့် စာမေးပွဲက ကျန်အသေးစားအမှတ်ကလည်း နှုတ်ခံရတာ များတာကြောင်း တိုက်မိခဲ့ပါက မအောင်ဖို့ များပါတယ်။ Camp ကျောင်းသားတွေကတော့ Camp ကျောင်းမှာပဲ ဖြေလို့ရပါတယ်။
သင်မောင်း စာတွေ့နဲ့လက်တွေ့ စာမေးပွဲ ၂ခုလုံးအောင်မြင်ပါက လမ်းမပေါ်ထွက်လေ့ကျင့် ခွင့်ရပါတယ်။ သင်မောင်းလိုင်စင်ကဒ်တော့ လုပ်ရပါတယ်။
ကဒ်ကြေး ယန်း၁၁၅၀ ပေးရပါတယ်။ သင်မောင်းလိုင်စင်သက်တမ်းက ၁နှစ်ပါ ။ သတ်မှတ်ချက်ကတော့ လေ့ကျင့်နေစဉ် မိမိဘေးတွင် လိုင်စင်သက်တမ်းအနည်းဆုံး၃နှစ်ကျော်ရှိသော သူက အတူလိုက်ပါရပါတယ်။

 ၃။ကားမောင်းလိုင်စင်ရေးဖြေ  စာမေးပွဲကြေး – ယန်း ၂၅၅၀ 

၁မှတ်တန်မေးခွန်း ၉ဝပုဒ် နဲ့ ၂မှတ်တန် ၅ပုဒ် ပေါင်း ၁ဝဝမှတ်ကို ၉ဝမှတ်ရမယ်ဆိုရင် အောင်ပါတယ်။ မေးခွန်းဟောင်း ပုဒ်ရေ ၆ဝဝဝနီးပါးလောက်ကို ကြေညက်နေအောင်လေ့ကျင့်ရပါတယ်။

 ၄။ ကားမောင်းလိုင်စင် လက်တွေ့  စာမေးပွဲကြေး –  ယန်း ၈ဝဝ

လမ်းမပေါ်ထွက်မောင်းပြရပါတယ်။ ကားပေါ်မတက်ခင်မှအစ ပန်းတိုင်အထိ မိမိမောင်းနေသည်ကို ဘေးမှထိုင်၍ အမှတ်နှုတ်နေပါတယ်။ ၁ဝဝမှတ်ထဲက ၇ဝကျန်ရင်တော့ အောင်ပါတယ်။ Camp ကျောင်းသားတွေကတော့ Camp ကျောင်းမှာပဲဖြေလို့ရပါတယ်။

Camp ကျောင်းသားတွေကတော့ ဒီ၄ခုအောင်ရင် ကျောင်းဆင်းလက်မှတ်ရပြီး မိမိအဆင်ပြေသော လိုင်စင်ရုံးတွင်မောင်းသင်လိုင်စင်နဲ့ ကျောင်းဆင်းလက်မှတ်နဲ့အတူ စာမေးပွဲရေးဖြေတစ်ခါ ထပ်ဖြေ (အပေါ်နံပါတ်(၃) ကားမောင်းလိုင်စင် ရေးဖြေစာမေးပွဲအတိုင်းမေးခွန်းပါ) ။ အောင်မြင်ပါက လိုင်စင်ရပါပြီ။

ကားလိုင်စင် စတင်ဖြေဆိုသူများအတွက် လိုင်စင်အမျိုးအစားကတော့
 (၁) Auto လိုင်စင် (AT) Auto transmission  အော်တိုကားများကိုသာ မောင်းခွင့်ရှိသော လိုင်စင်
 (၂) Manual လိုင်စင် (MT) Manual transmission  အော်တိုကားရော ဂီယာကားပါမောင်းခွင့်ရှိသော လိုင်စင် ဆိုပြီး လိုင်စင်၂မျိုးရှိပါတယ်။ ၂မျိုးလုံးသည် 50cc ဆိုင်ကယ်မောင်းနှင်ခွင့်လည်းရှိပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀